မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိသူ များလာတာနဲ့အမျှ အပြင်ထွက်ပြီး အလုပ်လုပ်တဲ့သူတွေ အနေနဲ့ တတ်နိုင်သလောက် ကာကွယ်မှုတွေ လုပ်ပြီးမှ အပြင်ထွက်စေချင်တယ်လို့ အဆိုတော် နေဝင်းက ဧရာဝတီကို ပြောပါတယ်။
“အခုချိန်မှာ ရောဂါပိုးတွေ့တဲ့ လူဦးရေကလည်း များလာတယ်။ ရုံးတွေ၊ အလုပ်တွေကလည်း ဖွင့်ပြီဆိုတော့ လုပ်စရာ ရှိတာကလည်း လုပ်ကြရမှာပဲဆိုတော့ သတိလေးတော့ ထားပြီးလုပ်ကြပါ။ ပုံမှန်တိုင်း Mask တွေ တပ်မယ်။ လက်တွေ သေချာဆေးမယ်။ Hand Gel တွေ ဆောင်ထားမယ်။ အရမ်း ပူးပူးကပ်ကပ် မနေမိအောင် နေပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ပြီး သွားကြပါ။ အလုပ် မလုပ်ရင်လည်း ငတ်သေကုန်မှာကိုး။ အဲ့တော့ တနေ့လုပ်မှ တနေ့စားရမယ့်သူတွေကတော့ လိုတယ်လေ”
“အဲ့တော့ အပြင်ထွက်ရမယ့်သူတွေက အလုပ်ဇောတွေ ကပ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိထားရမှာတွေ မထားမှာကိုတော့ စိုးရိမ်တယ်။ ကောလာဟလကတော့ အချိန်တိုင်းမှာ ဘယ်ကိစ္စမဆို ထွက်နေတာပဲ။ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားတာတွေကိုပဲကြည့်ပြီး သိနိုင်ပါတယ်။ မသေချာတဲ့ သတင်းတွေကို မကြည့်ကြပါနဲ့ ”လို့ နေဝင်းက ဧရာဝတီကို ပြောပါတယ်။
Quarantine ဝင်တာ ရှက်စရာ မလိုသလို ကြောက်စရာလည်း မလိုဘူးလို့ နေဝင်းက ဆိုပါတယ်။
“Quarantine ဝင်ပြီး ကိုယ်ခံအားကောင်းအောင် အစားမှန်မှန်စားမယ်။ ဆေးတွေ သောက်မယ်ဆို ပြန်ကောင်းနိုင်တာပဲ။ ဘာမှလည်း ရှက်စရာ မလိုသလို ဘာမှ ကြောက်စရာ မလိုဘူး။ ကိုယ်ဝင်စရာ ရှိတာဝင်ကြပါ။ ကမ္ဘာမှာလည်း ပြန်ကောင်းတဲ့သူတွေ ရှိတာပဲ။ ဝင်စေချင်ပါတယ်။ မဝင်ဘဲ ထွက်ပြေးနေတာတွေက သူတို့ သေချာ မသိသေးလို့နေမှာပါ”
“သူတို့လည်း သေချာသိအောင် လေ့လာသင့်တယ်။ ထွက်မပြေးသင့်ပါဘူး။ သေချာလေး ဝင်စေချင်ပါတယ်။ လက်ရှိ Stay Home နေရတဲ့ အချိန်မှာ သီချင်းတွေ ရေးတယ်။ အိမ်ကနေ လုပ်ပေးရတဲ့ အလုပ်တွေဆိုလည်း လုပ်ပေးပါတယ်” လို့ နေဝင်းက ဆိုပါတယ်။
အိမ်မှာနေရင်း ဂီတနဲ့ ပတ်သက်လို့ လုပ်ဖြစ်နေတဲ့ အလုပ်အကြောင်းတွေကိုလည်း နေဝင်းက အခုလိုပဲ ပြောပါတယ်။
“စိုင်းစိုင်း မွေးနေ့တုန်းကလည်း အိမ်ကနေပဲ ဗီဒီယို ရိုက်ပြီးပို့ပေးတယ်။ “ကမ္ဘာမြေ”သီချင်းလည်း အိမ်ကနေရိုက်ပြီး ပို့ပေးတယ်။ အားလုံးကောင်းသွားရင် သီချင်းတွေ ပြန်ထုတ်မယ်။ ရှိုးတွေ ပြန်ဆိုမယ်။ အခုချိန်ကတော့ ကျနော်တို့ ဘာမှလုပ်စရာ မရှိသေးဘူး။ ဆိုင်လည်း ပိတ်ထားပါတယ်”
“အိမ်မှာနေပြီး ပရိသတ်တွေကိုပျော်စေချင်လို့ Tik Tok လေး ချောနဲ့ ရိုက်ဖြစ်တယ်။ ကျနော့်ကိုလည်းကောင်မလေး ပုံစံလေးနဲ့ မမြင်ဖူးဘူးဆိုတော့ ပရိသတ်တွေ စိတ်အပန်းဖြေဖို့အတွက်ပဲ လုပ်ဖြစ်တာပါ” လို့ နေဝင်းက ပြောပါတယ်။
You may also like these stories:
ကဗျာဆရာ စိုင်းဝင်းမြင့်နှင့် အင်တာဗျူး
ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း
စိုင်းစိုင်းခမ်းလှိုင် ရေးပြီး အနုပညာရှင်များစွာ ပါဝင်သီဆိုထားတဲ့ “ကမ္ဘာမြေ” သီချင်း