ပြည်ပမှာ အခြေချ နေထိုင်နေတဲ့ အဆိုတော် မီးမီးခဲကတော့ ရင်သားကင်ဆာ အဆင့် ၄ ကို ခံစားနေရပြီး အခုဆိုရင် ကင်ဆာရောဂါရဲ့ ဘေးထွက် ဆိုးကျိူးတွေကို ခံစားနေရတယ်လို့ မီးမီးခဲက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပြောပြခဲ့ပါတယ်။
“မနက်ဖြန်မှာ ၃ လတခါ ဆေးပြန်စစ်ရတော့မှာပါ။ ဆုတောင်း သတိရပေးကြပါနော်။ ကျမလည်း ဒီအတောအတွင်း အမှန်အတိုင်းပြောရရင် သိပ်နေမကောင်းပါ။ ကင်ဆာဝေဒနာရဲ့ ဘေးထွက်ဆိုးကျိုးကို ဖိဖိစီးစီး ခံစားနေရတာ ဖြစ်ပါတယ်။ ဆေးဒဏ်ကြောင့် ကိုက်ခဲခြင်းဝေဒနာကို ညဘက်တွေမှာတောင် အိပ်ရေးပျက်ပေါင်း များစွာနဲ့ပေါ့။ ဒါကြောင့် Facebook မသုံးဖြစ်တာပါ” လို့ မီးမီးခဲက ပြောပါတယ်။
အခုလို ဝေဒနာခံစားနေရတာကြောင့် မီးမီးခဲက သူ့ရဲ့အထူးကုဆရာဝန်ကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာတော့ ဆရာဝန်က ပြန်ညွှန်လိုက်တဲ့ဆေးကိုလည်း ပြန်လည် ဝေမျှခဲ့ပါတယ်။
“ဒါနဲ့ကြားဖြတ် ကျမရဲ့အထူးကုဆီ ဖုန်းဆက်မေးတော့ သူကဘာဆေး ပေးတယ် မှတ်လဲ။ ဝမ်းပျော့ဆေးကိုသာ ပေးပါတယ်။ ပထမတော့ လူက ဘာလဲပေါ့နော်။ နောက်တော့ သူပေးတဲ့ ဆေးမှုန့်ထုတ်ကို ၃ ရက်လောက် သောက်ပြီးချိန်မှာတော့ သက်သာပြီး ကိုက်ခဲမှု လျော့သွားခဲ့တာပါ”
“ကျမ မျှဝေချင်တာလေးက ကင်ဆာရောဂါသည်တိုင်း ဝမ်းပုံမှန် သွားရပါမယ်။ တနေ့ကို ဝမ်းထဲမှာ ရှိတဲ့ ဝမ်း အကုန်အစင် သွားရင်တော့ဖြင့် ကိုက်ခဲခြင်းတွေ လျော့ပါးသွားမှာပါလို့ ထပ်ဆင့်မျှဝေချင်ပါတယ်” လို့ မီးမီးခဲက ပြောပါတယ်။
ဆေးပြန်စစ်ရမှာဖြစ်တဲ့အတွက်လည်း သတိတရ ဆုတောင်းပေးကြဖို့နဲ့ မိတ်ဆွေများကိုလည်း ရောဂါကင်းဝေးကြပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း မီးမီးခဲက မြန်မာနိုင်ငံကို ပြန်လာပြီး သူမရဲ့တကိုယ်တော်ရှိုး “Back to You” ကို ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေကြေးများကိုလည်း ကင်ဆာဝေဒနာရှင်များအား လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
အပြင်ထွက် အလုပ်လုပ်ရသူတွေကို ဂရုစိုက်ပြီး သွားကြဖို့ အဆိုတော် နေဝင်း ပြော
ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း
အိမ်မှာနေရတဲ့ ကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Challenge များ