“Captain America: Civil War” ရုပ်ရှင်ကနေစလို့ Black Panther အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chadwick Boseman ဟာ သရုပ်ဆောင်ကြေး အငြင်းပွားမှုကြောင့် သူ့ရဲ့ဇာတ်ရုပ်နေရာကနေ ဖယ်ရှားခံရဖို့ ရှိနေပါတယ်။
We Got This Covered သတင်းတပုဒ်အရ မင်းသားဟာ Marvel စတူဒီယိုနဲ့ လက်ရှိမှာ အဆင်မပြေမှုတွေရှိနေပြီး သရုပ်ဆောင်ကြေးကို တိုးတောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စတူဒီယိုဘက်ကနေ လိုက်လျောခဲ့တာမျိုး မရှိခဲ့ဘဲ MCU မှာ မူရင်ကတည်းက ရှိခဲ့တဲ့ လူမည်းဟီးရိုးနေရာမှာ နောက်ထပ် Marvel ဇာတ်ကောင်တခုနဲ့ အစားထိုးမယ့် ဒုတိယအစီအစဉ်ကို ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
စတူဒီယိုက “အတ္တလန္တိတ်ဒေသမှာ ဆာဟာရဒေသခံ လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ လူမည်းဟီးရိုးအဖြစ် Black Panther နေရာမှာ Namor ကို အစားထိုးချင်နေကြောင်း” သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
Robert Downey Jr. ၊ Chris Evans ၊ Scarlett Johansson နဲ့ Chris Hemsworth တို့လိုမျိုး မူရင်း “Avengers” သရုပ်ဆောင်တွေကတော့ သူတို့ပါဝင်ထားတဲ့ ရုပ်ရှင်တွေက အထူးအောင်မြင်မှုရခဲ့တာကြောင့် သရုပ်ဆောင်ကြေး မြင့်မြင့်မားမား ရခဲ့ကြပါတယ်။ ဒါပေမဲ့ အနုပညာကြေးနဲ့ ပတ်သက်ပြီး သရုပ်ဆောင်တဦးနဲ့ ပဋိပက္ခဖြစ်လာပြီဆိုရင်တော့ စတူဒီယိုက တခြားသရုပ်ဆောင်တဦးနဲ့ အစားထိုးခန့်ထားတာမျိုး ရှိခဲ့ပါတယ်။
“Iron Man 2” ရုပ်ရှင်မှာ James Rhodes အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Terrence Howard က အနုပညာကြေး တိုးတောင်းတာကြောင့် သူ့နေရာမှာ မင်းသား Don Cheadle ကို အစားထိုးခဲ့ဖူးတဲ့ အလားတူ ဖြစ်ရပ်မျိုးတော့ ရှိခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Captain America: Civil War” ရုပ်ရှင်မှာ T’Challa ဇာတ်ကောင်ကို ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် မင်းသား Boseman ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Black Panther ရုပ်ရှင်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီနောက် “Avengers: Infinity War” နဲ့ “Avengers: Endgame” တို့မှာလည်း ဆက်တိုက်ဆိုသလို ပါဝင်ခွင့်ရခဲ့ပါတယ်။
Black Panther ရုပ်ရှင်ဟာ ရိုက်ကူးထုတ်လုပ်ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ သာရှိခဲ့ပေမယ့် ဝင်ငွေက ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံအထိရှိခဲ့ပါတယ်။ ဝါကန်ဒါဘုရင်ကြီး T’Challa ကို ပရိသတ်တွေက နောက်ထပ် ထွက်လာမယ့် ရုပ်ရှင်တွေမှာ ပါဝင်လာဖို့ စောင့်မျှော်ခဲ့ကြပေမယ့် အခုလို သတင်းတွေအရဆိုရင်တော့ ပရိသတ်တွေရဲ့ ဆန္ဒပြည့်ဝနိုင်တော့မှာ မဟုတ်ပါဘူး။
Ref: aceshowbiz
You may also like these stories:
နာမည်ကျော် “Hunger Games” ဇာတ်ကားသစ် ဖြန့်ချိဖို့ ရှိနေ
Quarantine ကာလအတွင်း ခွေးတွေ ဆက်စောင့်ရှောက်ဖို့ ခက်ခဲနေတဲ့ Billie Eilish
Tom and Jerry ဖန်တီးရှင် ဒါရိုက်တာကြီး Gene Deitch ကွယ်လွန်