ဂျပန်နိုင်ငံမှာ အခြေချနေထိုင်လျက်ရှိတဲ့ အဝင်းလို့ ခေါ်ကြတဲ့ မိုရီဆာကီဝင်းကတော့ လက်ရှိ COVID-19 ရောဂါ အခြေအနေများကြောင့် မိသားစုနဲ့ ခွဲနေရပြီး တယောက်တည်း နေနေရတယ်လို့ ပြောပါတယ်။
“အားလုံး နေကောင်းကြလား ခင်ဗျာ။ အခုက ဂျပန်မှာလည်း အလုပ်တွေ အကုန်လုံးက ပိတ်၊ ပြောရမယ်ဆိုရင် ကျနော်လည်း ရှိတဲ့အလုပ်တွေကို သူတို့က ပေးမလုပ်ဘူး။ အပြင်လည်း ပေးမလုပ်ဘူးဆိုတော့ အခုလောလောဆယ် အလုပ်ကလည်း မရှိ၊ နားတဲ့ရက်တွေက များနေတယ်။ အိမ်မှာ သီချင်းစပ်တယ်။ ဒယ်အိုးတွေ ဝယ်ပြီးတော့ ကိုယ့်ဘာသာ ထမင်းဟင်းတွေ ချက်နေတယ်။ တယောက်တည်းလည်း နေနေရတယ်ဆိုတော့ တခါတလေကျရင် ပျင်းတယ်”လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
အခုလို အိမ်မှာတယောက်တည်း နေနေရတဲ့ အချိန်များမှာတော့ အလုပ်လည်း မလုပ်ရတာကြောင့် သီချင်းရေးဖြစ်တယ်လို့ သိရပါတယ်။
“ဂျပန်သီချင်းတပုဒ် ရေးထားတယ်။ ကျနော့် အဖေကို မေးပြီးတော့မှ မြန်မာလို ဆိုပြတော့မယ်။ ဘယ်လို အဓိပ္ပါယ်နဲ့ ရေးထားလဲဆိုတော့ ကျနော့် အနေနဲ့ဆိုရင် ဂျပန်မှာ တယောက်တည်း နေတယ်။ ကျနော့် အဖေကလည်း ဂျပန်မှာနေတာ ဆိုပေမယ့် တွေ့လို့က မရ၊ တယောက်မှာ ပိုးရှိနေရင် လူကြီးကိုကူးရင်က ဆိုးမှာဆိုတော့ မသွားဖြစ်ဘူး”
“ကျနော့်ညီလည်း ရှိတယ်။ သူနဲ့လည်း တွေ့လို့မရ၊ ပြောရမယ်ဆိုရင် ကျနော်ချစ်တဲ့ မိသားစုနဲ့ တွေ့လို့ မရတဲ့ အခြေအနေ ရှိတယ်။ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ တခြားသူတွေလည်း တွေ့လို့ မရတဲ့ အခြေအနေတွေ ရှိတယ်” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
ဆက်လက်ပြီး သီချင်းနဲ့ ပတ်သက်လို့လည်း “လူလူချင်း လက်ချင်းဆွဲပြီးတော့လည်း နှုတ်ဆက်လို့လည်း မရဘူး။ တနေ့ကျရင် လူတွေ လက်ချင်းဆွဲပြီး သီချင်းဆိုလို့ရမယ့်နေ့ကို ယုံကြည်ပြီး စောင့်မျှော်နေတယ်ဆိုတာကို ရေးထားတဲ့ သီချင်းလေးပါ” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
ဂျပန်လို ရေးစပ်ထားတဲ့ သီချင်းလေးကိုတော့ ဖခင်ဖြစ်သူအား မေးမြန်းကာ မြန်မာလိုပြန်ဆိုပြီး သူ့ရဲ့ Facebook မှာပြန်တင်ပေးသွားမယ်လို့လည်း သိရပါတယ်။
အခုဖြစ်ပွားနေတဲ့ ကမ္ဘာကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားတဲ့အချိန်ရောက်ရင်လည်း မြန်မာနိုင်ငံကို ပြန်လာပြီး Fan meeting ပြုလုပ်နိုင်အောင်ကြိုးစားသွားမှာဖြစ်တဲ့အတွက် စောင့်နေပေးကြဖို့လည်း ပြောခဲ့ပါတယ်။
“ဒီကိုရိုနာ ကိစ္စတွေ ပြီးသွားရင် မြန်မာပြည်ကိုလာခဲ့မယ်။ Fan meeting လေး လုပ်နိုင်အောင် ကျနော်ကြိုးစားပါမယ်။ အဲဒါကြောင့် ခဏလေး စောင့်ပေးကြပါ။ အားလုံးအတူတူ ကျော်ဖြတ်ကြရအောင်၊ အားတင်းထားပါခင်ဗျာ” လို့ မိုရီဆာကီဝင်းက ပြောပါတယ်။
ဒီအကြောင်းအရာများကိုတော့ မိုရီဆာကီဝင်းက သူ့ရဲ့ Facebook Page မှာ Live လွှင့်ကာ ပြောဆိုခဲ့တာဖြစ်ပြီး သီချင်းများလည်း ဆိုပြခဲ့ပါတယ်။
You may also like these stories:
မိုရီဆာကီဝင်းနဲ့ သရုပ်ဆောင်တာ တကယ့် သမီးရည်းစားတွေလို ခံစားရတဲ့ နေခြည်ဦး
မိုရီဆာကီဝင်းအပေါ် အမြင်ကို ပြောပြတဲ့ သရုပ်ဆောင် အရိုင်း
“နေခြည်ဦးနဲ့ အတူတွဲပြီး သရုပ်ဆောင်ရမှာကို စိတ်ခုန်နေတယ်” လို့ ဆိုလိုက်တဲ့ မိုရီဆာကီဝင်း