COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ ပြည်သူတွေအတွက် စေတနာနဲ့ ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ယူတယ်လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဂုဏ်ယူပါတယ်။ အခုချိန်မှာ အချိန်ပေးပြီး ကုသပေးနေတဲ့အတွက် အာလုံးလည်း ဂရုစိုက်ကြပါ။ ရုံးတွေလည်း ပြန်ဖွင့်ပြီဆိုတော့ ရုံးတွေကလည်း မသွားမဖြစ် သွားကြရတယ်ဆိုတော့ ဘယ်သွားသွား ဂရုစိုက်ပါ။ စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသူတွေလည်း ဂရုစိုက်ကြပါ။ သူတို့တွေအတွက်လည်း စိတ်မကောင်းဘူး”လို့ မေမြင့်မိုရ်က ပြောပါတယ်။
ဆက်လက်ပြီး မေမြင့်မိုရ်က ပရိသတ်တွေကို COVID-19 နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“လက်ကို ပုံမှန်ဆေးပါ။ Maskကို တပ်ပါ။ တယောက်နဲ့ တယောက် ၃ ပေ ခွာနေပြီး သတိထားကြပါ။ အခုချိန်က ပိုပိုပြီး ဂရုစိုက်ကြရမယ့် အချိန်မလို့ ဂရုစိုက်ကြပါ။ Quarantine ဝင်ရမယ်ဆိုရင်လည်း ကိုယ့်အတွက် ကောင်းတာပေါ့။ ကိုယ့်ကျန်းမာရေးအတွက်ပဲလေ။ မဝင်ဘဲ ထွက်ပြေးနေရင် တခြားသူတွေကို ကူးပြီး လူဦးရေ တိုးလာနိုင်တယ်။ အဲ့အတွက် စောင့်ကြည့်ခံတာတော့ အကောင်းဆုံးပါပဲ”လို့ မေမြင့်မိုရ်က ပြောပါတယ်။
လက်ရှိ အချိန်မှာတော့ မေမြင့်မိုရ် ကိုယ်တိုင်က အိမ်မှာပဲနေပြီး တတ်နိုင်သလောက် လှူဒါန်းမှုတွေလည်း လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“အိမ်မှာ တီဗီတွေကြည့်၊ စာအုပ်တွေ ဖတ်လိုက်၊ အိပ်လိုက်စားလိုက်နဲ့ မုန့်တွေ စားလိုက်နဲ့ ဖြတ်သန်းနေရတယ်။ အလုပ်တွေကလည်း ရပ်ထားတာဆိုတော့ အဲ့ဒါတွေပဲ လုပ်ဖြစ်နေတယ်။ ဝိတ်တွေလည်း တက်တော့ အားကစားတွေလုပ်၊ အစာလေး ထိန်းစားနေတာပေါ့။ တတ်နိုင်သလောက်လည်း လှူဒါန်းမှုလေးတွေ လုပ်ဖြစ်ပါတယ်။ အမြန်ဆုံးရောဂါကြီး ပျောက်ပါစေလို့လည်း ဆုတောင်းနေတယ်”
“ပျောက်သွားမှပဲ အလုပ်တွေလည်း စိတ်အေးအေးနဲ့ လုပ်နိုင်မယ်။ အားလုံးကလည်း အတတ်နိုင်ဆုံး အိမ်ထဲ နေကြပါ။ အပြင်ထွက်ရရင်လည်း Safe ဖြစ်အောင် လုပ်ပြီး ထွက်ကြပါ။ အမြန်ဆုံး ပျောက်ဖို့လည်း မျှော်လင့်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်းနေပြီး ကောလာဟလတွေ မယုံဘဲ ကျန်းမာရေးဝန်ကြီးဌာနက သတင်းလေးတွေပဲ နားထောင်ကြပါ”လို့ မေမြင့်မိုရ်က ပြောပါတယ်။
သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် တဦးဖြစ်ပြီး လက်ရှိမှာလည်း မေမြင့်မိုရ် ပါဝင် သရုပ်ဆောင်ထားတဲ့ “အရိပ်” ဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းမှာ ပြန်လည် ပြသနေပါတယ်။