အလှမယ်တဦးဖြစ်တဲ့ ထားထက်ထက်က We Love Yangon အဖွဲ့မှာ Volunteer အဖြစ် လုပ်ကိုင်နေပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေသူများကို စားစရာများ လိုက်ပို့ချိန်မှာ ပီတိဖြစ်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“We Love Yangon မှာ volunteer လုပ်ဖြစ်တာ နည်းနည်းကြာပြီ။ အလုပ်တွေ ရပ်လိုက်တဲ့ အချိန်ကတည်းက Volunteer လိုနေတာ တွေ့တဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အခြေအနေ မဆိုးခင်တုန်းက တတ်နိုင်သလောက် ပစ္စည်းတွေ ထုတ်ပေးတယ်။ Deli လိုက် လိုက်ပို့ပေးတယ်။ အတွေ့အကြုံက ကိုယ်တိုင်သွားပို့တဲ့အခါ ထားထက်ထက် လာပို့တယ်ဆိုပြီး သူတို့လည်း ပျော်တယ်”
“အလှူတခု သွားလုပ်တုန်းက ထားထက် သွားလှူတော့ အဘွားတယောက်က ကိုယ်ကိုတွေ့ပြီး အရမ်းပျော်ပြီး ဝမ်းသာတာကို တွေ့ရတယ်။ အဲ့ချိန်မှာ ခံစားချက်က ဘယ်လိုပြောရမှန်း မသိဘူး။ သူတယောက်တည်း နေရတယ်။ ထားတက်ကိုတွေ့တော့ ပျော်ပြီး မျက်ရည်ကျတာ။ အဲ့ဒါကိုတွေ့ရတာ ရင်ထဲက ခံစားချက်က ပြောမပြတတ်အောင် ရင်ထဲမှာ စို့တယ်။ အမှတ်တရလည်း ဖြစ်တယ်။ စိတ်လည်းမကောင်းဘူး။ သူတို့ပျော်တာ တွေ့ရတော့ ပီတိဖြစ်ရတယ် ”လို့ ထားထက်ထက်က ပြောပါတယ်။
အလှူတွေလုပ်ကိုင်တာကို အနုပညာရှင်မို့ ပေါ်ပင်လုပ်တာဆိုပြီးပြောတာ ကြုံဖူးတယ်ဆိုတဲ့ ထားထက်ထက်က ပြောတာတွေကို ဂရုမစိုက်မနေဘဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်မှာလို့ ဆိုပါတယ်။
“အနုပညာရှင်မို့ ပေါ်ပင်လုပ်တာဆိုပြီး ပြောတာ အရင်က တွေ့ကြုံခဲ့ရဖူးတယ်။ အခုတော့ မကြုံရဘူးပေါ့။ ကြုံလာခဲ့လည်း ဂရုမစိုက်ဘူး။ ကြိုက်တာပြောပဲ။ ထားထက်လည်း ကိုယ်လုပ်ချင်တာ လုပ်မှာပဲ။ ပြောချင်တဲ့သူကလည်း ဘာလုပ်လုပ် ပြောနေမှာပဲ။ တချို့က အိမ်မှာပဲထိုင်နေပြီး ကယောင် ချောက်ချားတွေ ဖြစ်ပြီး တွေ့ရင်ပြောမယ်ဆိုတဲ့ သူတွေလည်း ရှိနေတော့ ပြောတာကို ဂရုမစိုက်ဘဲ ထားထက် လုပ်စရာရှိတာ ဆက်လုပ်မှာပါ”
“ကိုယ်လုပ်နေတာ ကိုယ်လိပ်ပြာကိုယ် သန့်တယ်လေ။ အဲ့အတွက် ထားထက်လုပ်စရာရှိတာပဲ ဆက်လုပ်မှာပါ။ ကိုယ်က အပြင်ထွက်နေတော့ မိသားစုကိုတော့ ဂရုစိုက်ရတာပေါ့။ အိမ်ကလူတွေကတော့ အပြင်ထွက်တာ သိပ်မကြိုက်ဘူး။ အဲ့အတွက် သေချာလေး ဂရုစိုက်တယ်”
“အလှူတွေ ထွက်လှူရရင်လည်း Mask တပ်တယ်။ လက်အိတ်တွေ စွပ်တယ်။ တချိန်လုံး လက်ဆေးတယ်။ အိမ်ပြန် ရောက်လည်း အိမ်ထဲ မဝင်ခင် တကိုယ်ရေ သန့်ရှင်းရေးလုပ်ပြီးမှ အိမ်ထဲ ဝင်တယ်။ အဖေနဲ့ အမေကို မကူးအောင် ဝေးဝေးမှာ နေပေးတယ်။ အဲ့လိုလေး ဂရုစိုက်ဖြစ်ပါတယ်” လို့ ထားထက်ထက်က ပြောပါတယ်။
We Love Yangon က ရန်ကုန်အခြေစိုက် ပရဟိတအသင်းဖြစ်ပြီး အခုလို ကိုဗစ်ကာလ စားဝတ်နေရေး ခက်ခဲနေသူများထံ အစားအစာနဲ့ လိုအပ်တဲ့ အသုံးအဆောင်များကို လိုက်လံ လှူဒါန်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးသက်သက်သာသာနဲ့ အခြေခံ စားသောက်ကုန်တွေကို အိမ်အရောက် ပို့ဆောင်ပေးပြီး ရောင်းချပေးနေပါသေးတယ်။
You may also like these stories:
“ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ယူတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ် ပြော
ကိုဗစ် တိုက်ဖျက်ရေးမှာ လှူဒါန်းနေကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ
ကိုဗစ်ကာလမှာ အားလုံး စိတ်ဓာတ်မကျဖို့ အဆိုတော် နောနော် ပြော