ဂျပန်ရုပ်ရှင် မင်းသမီးဖြစ်သလို ရုပ်မြင်သံကြားအစီအစဉ်တွေမှာလည်း ပါဝင်လေ့ရှိတဲ့ Kumiko Okae တယောက် COVID-19 ကြောင့် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူမအသက်က ၆၃ နှစ် ရှိသွားခဲ့ပါပြီ။
သူမဟာ ကြာသပတေးနေ့ မနက်ခင်းပိုင်း ၅ နာရီ ၂၀ အချိန် တိုကျိုဆေးရုံကြီးပေါ်မှာ COVID-19 ကြောင့် သေဆုံးခဲ့ပါတယ်။ သူမရဲ့လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ပေးနေတဲ့ ရုံးကတော့ သူမဟာ ဧပြီ ၃ ရက်နေ့ကတည်းက ဖျားနာခဲ့တယ်လို့ ဆိုပါတယ်။
၃ ရက်လောက်အကြာမှာတော့ သူမရဲ့ အခြေအနေက ရုတ်တရက် ဆိုးဝါးလာခဲ့တဲ့အတွက် ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာတော့ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။
မနှစ်တုန်းကလည်း Okae တယောက် ရင်သားကင်ဆာခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ ကင်ဆာရောဂါ ကုထုံးတမျိုးဖြစ်တဲ့ ဓာတ်ကင်တာကိုလည်း ဇန်နဝါရီ အဆုံးပိုင်းလောက်ကနေ ဖေဖော်ဝါရီလလယ်လောက်အထိ ကုသခဲ့ပါတယ်။ ကိုယ်ခံအားနည်းနေတဲ့အတွက်ကြောင့် သူမရဲ့ အခြေအနေတွေက ပိုမိုဆိုးရွားသွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
သူမဟာ ၁၉၇၅ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။ ဒရာမာဇာတ်ကားတွေမှာ အောင်မြင်ကျော်ကြားသူ တယောက်ဖြစ်တဲ့အပြင် အခြားဖျော်ဖြေရေးလုပ်ငန်းတွေမှာလည်း အောင်မြင်ခဲ့သူတယောက် ဖြစ်ပါတယ်။
COVID-19 ဟာ လူ မရွေးပါဘူး။ ဘယ်သူမဆို ကူးစက်ခံရနိုင်သလို ဘယ်သူမဆိုလည်း COVID-19 ကြောင့် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီကပ်ရောဂါကြီးဟာ ဘယ်အချိန်မှ ပြီးဆုံးသွားမလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ COVID-19 သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး လူတွေဟာ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။
Ref: English.kyodonews
You may also like these stories:
ဗြိတိန်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှု မကြာခင် စတင်မည်
ထိုင်းမှာ မီးရထားပေါ် လိုက်ပါလာသူတဦး COVID-19 ကြောင့် သေဆုံး