နာမည်ကျော် ကိုရီးယားဒရာမာစီးရီး “Crash Landing On You” ထဲမှာ မြောက်ကိုရီးယားနိုင်ငံအကြောင်း ပရိသတ် တွေ့ခဲ့ရပေမယ့် အဲ့ဒီနိုင်ငံအကြောင်း ဖော်ပြတဲ့အချိန်မှာ ခေါင်းဆောင် မင်းသားရဲ့ ပုံရိပ်ကို အင်ဒိုနီးရှား ရုပ်သံလိုင်းတခုက မှားယွင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
CNN Indonesia ရုပ်သံလိုင်းက ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကျန်းမာရေးအခြေ အနေအကြောင်း ဖော်ပြတဲ့ သတင်းထဲမှာ တောင်ကိုရီးယားမင်းသား Hyun Bin ရဲ့ ဓာတ်ပုံ တပုံကို ဖော်ပြမိလို့ တောင်းပန်လိုက်ပါတယ်။
အဲ့ဒီ ဒရာမာထဲမှာ မင်းသားဟာ မြောက်ကိုရီးယားဗိုလ်ကြီး ရီဂျောင်ယော့အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ CNN သတင်းတင်ဆက်သူတဦးက “သတင်းတင်ဆက်မှုမှာ ကိုရီးယားဒရာမာ စီးရီးထဲက ဗိုလ်ကြီး ရီ ဇာတ်ကောင်နဲ့ ပတ်သက်မှု မရှိဘဲ ကျန်းမာရေး အခြေအနေ ပြင်းထန်နေတဲ့ ကင်ဂျုံအန်းအကြောင်း သတင်း ဖြစ်ပါတယ်။ ဒီအမှားကတော့ ရည်ရွယ်ထားတာတော့ မဟုတ်ပါဘူး။ ဒီအမှားအတွက် ကျနော်တို့ တောင်းပန်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အဲ့ဒီသတင်းထဲမှာ ခေါင်းဆောင် ကင်ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတဲ့အကြောင်း ထွက်ပေါ်နေတဲ့ သတင်းတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ CNN ရဲ့အဆိုအရ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့အကြောင်း ထောက်လှမ်းရေး သတင်းတွေကို အမေရိကန်က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ခေါင်းဆောင် ကင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့အဖိုး မွေးနေ့ကို တက်ရောက်ခဲ့တာ မရှိတဲ့အတွက် သံသယတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီသတင်းတွေကို အတည်ပြုနိုင်တာ မရှိဘူးလို့ တောင်ကိုရီးယား သတင်းရင်းမြစ်တွေကဆိုပြီး တောင်ကိုရီးယား အစိုးရကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
Ref: cnalifestyle