နာမည်ကျော် ဟောလိဝုဒ် မင်းသားကြီး Richard Gere ဟာ အခုဆိုရင် ကလေး ၃ ယောက် ဖခင် တဦးဖြစ်လာခဲ့ပါတယ်။ အသက် ၇၀ အရွယ် မင်းသားကြီး Richard နဲ့ အသက် ၃၇ နှစ်အရွယ် ဇနီး Alejandra Silva တို့ဟာ ဒုတိယမြောက် ရင်သွေးကို ရရှိခဲ့ပြီလို့ People မီဒီယာက အတည်ပြုခဲ့ပါတယ်။
သူတို့ ဇနီးမောင်နှံ နှစ်ဦးဆီမှာ အသက် ၁၄ လသားအရွယ် Alexander လို့ခေါ်တဲ့ သားတဦးရှိပြီး မင်းသားကြီးဟာ ဇနီးဟောင်း Carey Lowell နဲ့ ရရှိခဲ့တဲ့ အသက် ၂၀ အရွယ် Homer ဆိုတဲ့ သားတဦးလည်း ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ လက်ရှိ ဇနီး Silva ဟာလည်း အရင်အိမ်ထောင်နဲ့ ရရှိထားတဲ့ အသက် ၇ နှစ်အရွယ် သားတဦးလည်း ရှိပါသေးတယ်။
သူတို့ နှစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တခုကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက Silva ဟာ ကိုယ်ဝန်ဆောင် ထားရတဲ့အကြောင်း People မီဒီယာကို အတည်ပြုထားပြီးဖြစ်ပါတယ်။
Silva ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ သူတို့နှစ်ဦးအတွက် ပထမဆုံး ရင်သွေး Alexander ကို မွေးဖွားပြီး ၉ လအကြာမှာ အဲ့ဒီသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မင်းသားကြီးနဲ့ ဇနီးတို့ဟာ ဆယ်စုနှစ် တခုကျော် သိကျွမ်းခဲ့ကြပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ စတင်တွဲခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်၊ ဧပြီလမှာ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ပြီဖြစ်ပြီး အထူးပျော်ရွှင်နေကြပြီ ဖြစ်တဲ့အကြောင်း သူတို့နဲ့ ရင်းနှီးသူတဦးက People မီဒီယာကို အတည်ပြုခဲ့ပါတယ်။ တဦးနဲ့ တဦး အဆင်ပြေကြပြီး ပျော်ရွှင်ကြတဲ့အပြင် သူတို့ရဲ့ အနာဂတ်ကိုလည်း အတူတူ မျှော်လင့်နေကြတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အဲ့ဒီလို လက်ထပ်လိုက်တဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မင်းသားကြီးနဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့တဲ့ ရုပ်ရှင်သတင်းရင်းမြစ်တခုက ကြိုက်တာကို လုပ်ရတာကြောင့် ယုံကြည်မှုရှိပြီး အခြေကျနေပြီဖြစ်တဲ့အကြောင်း၊ မင်းသားကြီးရဲ့ ဒုတိယဘဝသက်တမ်း ပိုမိုပျော်ရွှင်နေရပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇနီး Silva ဟာ မင်းသားကြီးနဲ့ ရရှိတဲ့ ပထမဆုံး သားလေးကို ကိုယ်ဝန်ဆောင်ထားရချိန်မှာ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာပို့ဆုတောင်းပေးနေတဲ့ ဓာတ်ပုံတပုံကို မျှဝေပြီး ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာ သူက “ဆရာတော် ဒလိုင်းလားမားကို မပြောခင် ကျမတို့ မကြေညာဘဲ မနေနိုင်တော့ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
Ref: people
You may also like these stories:
Stay Home နေရင်း Tiktok ရိုက်လာကြတဲ့ အနုပညာရှင်များ]
COVID-19 ကြောင့် ဂျပန်မင်းသမီး Kumiko Okae ကွယ်လွန်
မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်