လူရွှင်တော် ချက်ကြီးက လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါအကြောင်း သေချာသိကြရင် လူတွေ အိမ်ထဲကနေ ထွက်ကြမှာတောင် မဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။
“ဒီရောဂါက ကြောက်ဖို့ ကောင်းတယ်လည်း ပြောကြတယ်။ ကြောက်ဖို့ မကောင်းဘူးလည်း ပြောကြတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာရင်လည်း အန္တရာယ်ကင်းတယ်။ အရမ်းကြောက်ဖို့လည်း ကောင်းတယ်။ အရမ်းကြောက်ဖို့လည်း မကောင်းဘူး။ တကယ် ရောဂါဖြစ်တာကို ကိုယ်ထိလက်ရောက် တွေ့ဖူးသွားရင်တော့ ကျိန်းသေတယ်။ အိမ်ထဲကနေ ထွက်ကြမှာတောင်မဟုတ်ဘူး”
“အမေရိကန်မှာ ဆေးကုနေတဲ့သူတယောက် ပြောတာကြည့်ရတယ်။ ဒီရောဂါက ကြောက်ဖို့ကောင်းတယ်။ အသက်ရှုလို့ မဝဘူး။ ကျနော့်အမေက ကျန်းမာရေး မကောင်းတော့ အပြင်မထွက်ခိုင်းဘူး။ ကိုယ်တိုင်က ဆေးလိပ်သောက်ထားတဲ့သူဆို ခုခံအား မကောင်းဘူး။ ခုခံအားကောင်းတယ်ဆိုတဲ့ သူကလည်း မပေါ့ဘဲ ကာကွယ်ရမှာပဲ”လို့ လူရွှင်တော် ချက်ကြီးက ပြောပါတယ်။
ဆက်လက်ပြီးလည်း လူရွှင်တော် ချက်ကြီးက ပြည်သူများကို COVID-19 ရောဂါနဲ့ ပတ်သက်ပြီး စိတ်ဓာတ်မကျဘဲ ကာကွယ်ကျဖို့ ရောဂါ ကင်းဝေစေဖို့ ဆုတောင်းပေးပါသေးတယ်။
“ကျနော်တို့ အတတ်နိုင်တုံးတော့ စိတ်ဓာတ်မကျပဲ ကာကွယ်ပြီးနေကြပါ။ အပြင်ထွက်နေရသူတွေ ဂရုစိုက်ကြပါ။ ကျနော်လည်း COVID-19 ရောဂါကနေကင်းဝေးဖို့ ဆုတောင်းပေးနေပါတယ်”လို့ သူက ဆိုပါတယ်။
Quarantine ဝင်ကြတဲ့ စည်းကမ်းလိုက်နာမှု အားနည်းကြတဲ့ အပေါ်ကိုလည်း ပရဟိတ အလုပ်များ လုပ်ကိုင်နေတဲ့ လူရွှင်တော် ချက်ကြီးက အခုလိုပဲ ပြောပါတယ်။
“Quarantine တဲ့အခါ အချို့က လိုက်နာတယ်။ တချို့က မလိုက်နာဘူး။ ဘာလို့ တချို့က မလိုက်နာလည်းဆို တချို့နေရာမှာ စောင့်ကြည့်ရေးအဖွဲ့က အားနည်းတယ်။ တချို့က စောင့်ကြည့်ရေးအားနည်းတော့ ဟုတ်ပြီ ကျနော်တို့ ၁၄ ရက် ဝင်ပါမယ်။ သူတို့နဲ့ ခင်တဲ့သူက လာသူငယ်ချင်း သောက်မယ်။ ငါ Quarantine ဝင်နေတယ်။ မင်းကလည်း လာပါ ဆိုတာနဲ့ ထွက်သွားတယ်။ ပြန်လာတော့ အရက်လည်းဝင်လာရော ဘယ်ကောင် ဂရုစိုက်ရမှာလဲ ဖြစ်ကုန်ရော”
“အဲ့တော့ သူတို့ကို စောင့်ကြည့်ဖို့ တချို့နေရာတွေမှာလည်း လိုအပ်နေပါသေးတယ်။ မြန်မာပြည်ကြီးအမြန်ဆုံး ကျန်းမာချမ်းသာစေ ဆုတောင်း ပေးပါတယ်။ ကျနော်တို့ ပြည်သူ + လူရွှင်တော် အသင်းက ပို့ဆောင်ခ အခမဲ့ဖြင့် ပစ္စည်းတွေ လိုက်ပို့ပေးနေပါတယ်။ အပြင် မထွက်ကြပါနဲ့ ”လို့ ချက်ကြီးက ဆိုပါတယ်။
လူရွှင်တော် ချက်ကြီးဟာ “ပြည်သူ+လူရွှင်တော်” အသင်းမှာ ပါဝင်ထားပြီး လက်ရှိ စားဝတ်နေရေးလိုအပ်နေတဲ့ ပြည်သူတွေကို အပြင်မထွက်စေဘဲ အစားအသောက်နဲ့ လိုအပ်တဲ့ ပစ္စည်းများ အခမဲ့ လိုက်လံ ပို့ဆောင်ပေးနေသူပဲ ဖြစ်ပါတယ်။