COVID-19 ကမ္ဘာ့ကပ်ဆိုးကြီးကြောင့် ဝေးကွာနေကြတဲ့ မိသားစုများ၊ ချစ်သူများ၊ မိတ်ဆွေများနဲ့ အခြေအနေများ တည်ငြိမ်သွားပါက အရင်လို ပြန် တွေ့ဆုံကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တေးရေး၊ တေးဆို ဖိုးကာက “အခြေအနေပေးခဲ့ရင်” သီချင်းကို ဖန်တီးထားပါတယ်။
“ဝေးကွာနေကြသူတွေ အားလုံး ပြန်ဆုံကြပါစေ။ အရာရာကို အရင်လို အကောင်းအတိုင်း ပြန်ဖြစ်ချင်တယ်” လို့ ဖိုးကာက ပြောထားပါတယ်။
ပြန် ဆုံတွေ့ကြတဲ့အခါမှာ မခွဲမခွာ နေထိုင်ကြဖို့ကိုလည်း ဖိုးကာက ဒီသီချင်းမှာ ထည့်သွင်း သီဆိုထားပါတယ်။ ဒီသီချင်းကိုတော့ ဖိုးကာက သူ့ရဲ့ Facebook မှာ ဧပြီလ ၂၃ ရက်နေ့က ကိုယ်တိုင်တီးခတ် သီဆိုထားတဲ့ ဗီဒီယိုဖိုင်နဲ့ တင်ပေးထားတာပဲ ဖြစ်ပါတယ်။
ဒီသီချင်းနဲ့ ပတ်သက်ပြီးတော့ ဂီတအသိုင်းအဝိုင်းက ညီအစ်ကို မောင်နှမများကလည်း ဝိုင်းဝန်းသဘောကျ နှစ်သက်နေကြပါတယ်။
အခုလို လူတိုင်းအိမ်မှာ နေနေရတဲ့ အခြေအနေမှာ အဆိုတော်များက စိတ်ဓာတ်ကျနေတဲ့ ပြည်သူများအတွက် ခွန်အားဖြစ်စေမယ့် သီချင်းများကို ဖန်တီးသီဆိုကာ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖျော်ဖြေ တင်ဆက်လျက်ရှိပြီး တခြားသော လှူဒါန်းမှုများကိုလည်း ပြုလုပ်ပေးလျက် ရှိပါတယ်။
ဖိုးကာကတော့ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော်အခွေအတွက် သီချင်းအသစ်တပုဒ်ကိုလည်း ဖန်တီးပေးထားတာ တွေ့ရပါတယ်။
အဆိုတော် ဖိုးကာဟာ သမီးတယောက်၊ သားတယောက်နဲ့အတူ သာယာတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပြီး သမီးဖြစ်သူ ဖူးဖူးသစ်ကတော့ ဖခင်ခြေရာနင်းပြီး အဆိုတော် တယောက်အဖြစ် ရပ်တည်ကာ တကိုယ်တော်အခွေလည်း ထွက်ရှိထားပြီး ဖြစ်ပါတယ်။
You may also like these stories:
“COVID-19 အကြောင်း သေချာသိရင် လူတွေ အိမ်ထဲကနေ ထွက်ရဲမှာ မဟုတ်ဘူး”
“ချစ်တဲ့သူများအတွက် အသက်ရှင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”လို့ နိုင်းနိုင်း ပြော
Stay Home နေရင်း Tiktok ရိုက်လာကြတဲ့ အနုပညာရှင်များ