ကမ္ဘာကြီးနေမကောင်းတုန်း အိမ်မှာပဲနားနေရချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲ။ တပတ်တခါ အခန်း ဆက် ဇာတ်ကားတွေလည်း စောင့်မကြည့်ချင်ဘူး၊ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း မကြည့်ချင်တော့ဘူးဆိုရင် အချိန်တိုအတွင်း ဗဟုသုတလည်းရ၊ စိတ်ပျော်ရွှင်စေမယ့် ကိုရီးယားရသစုံ Variety Show တွေဘက် လှည့်လို့ရ ပါတယ်။
Variety show အများဆုံးလို့တောင် ပြောနိုင်တဲ့ ကိုရီးယားနိုင်ငံရဲ့ အစီအစဉ်တွေထဲက မိသားစု အကုန်အကြိုက်တွေနိုင်မယ့် Show တွေကို ညွှန်းဆိုပေးချင်ပါတယ်။
(၁) Ristorante Coreano
ကိုရီးယားတီဗီအစီအစဉ်တွေမှာ ၂၀၁၄ ခုနှစ်တည်းက ပါဝင်တင်ဆက်ခဲ့တဲ့ Alberto Mondi ဟာ အီတလီလူမျိုး တယောက်ပါ။ သူ့နိုင်ငံကို ပြန်သွားဖို့ ဖြစ်လာတဲ့အခါမှာတော့ သူစိတ်ကူးခဲ့တဲ့ ကိုရီးယားစားသောက်ဆိုင်ဖွင့်မယ့်အိပ်မက်ကို အကောင်အထည်ဖော်ပါတော့တယ်။ အချက်အပြုတ်အစီအစဉ်တခုဖြစ်တဲ့ Ristorante Coreano ကို သူငယ်ချင်းတွေဖြစ်တဲ့ Okyere Samuel နဲ့ David McInnis တို့လည်း ပါဝင်ကူညီပေးထားပါ တယ်။ အီတလီလူမျိုးတွေရဲ့ အရသာနဲ့ကိုက်မယ့် ကိုရီးယားအစားအသောက်တွေကို ဘယ်လိုဖန်တီးမလဲဆိုတာ ဒီအစီအစဉ်မှာ မြင်တွေ့ရမှာပါ။
(၂) Running Man
ဒီ အစီအစဉ်ကတော့ စာဖတ်သူတွေကို အထူးတလည် မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ Running Man လို့ ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုတည်းက ရင်းနှီးပြီးသား အစီအစဉ်ပါ။ အဖွဲ့ဝင် ၇ ယောက်နဲ့ စတင်ခဲ့ပြီး အောင်မြင်မှုကတော့ ကိုရီးယားနိုင်ငံတင်မဟုတ်ဘဲ တကမ္ဘာလုံးမှာပါ ပရိသတ်အင်အား အပြည့်ရှိပါတယ်။ နိုင်ငံတကာမှာလည်း ဒီအစီအစဉ်ကိုတုပပြီး ဝယ်ယူရိုက်ကူးတာတွေလည်း ရှိပါတယ်။ တပိုင်းနဲ့တပိုင်းမှာ မတူညီတဲ့ ရသတွေနဲ့ စိတ်လှုပ်ရှားစရာ လှုပ်ရှားမှုတွေပေါင်းစပ်ပြီး ပရိသတ်ကိုဖမ်းစားထားတဲ့ Running Man ကို ကလေး၊ လူကြီးမရွေး အကြိုက်တွေ့မယ်ဆိုတာ သေချာပါတယ်။
(၃) The Return of Superman
ကလေးငယ်လေးတွေရဲ့ တီတီတာတာ ချစ်စရာလှုပ်ရှားမှုတွေကို အနီးကပ်မြင်တွေ့ခွင့်ရမယ့် အစီအစဉ်ပါ။ မြန်မာ ပရိသတ်တွေ သတိထားမိခဲ့တာကတော့ ဂျုမုံလို့သိကြတဲ့ မင်းသား Song Il Kook ရဲ့ သုံး မြွှာပူးသား ဒယ်ဟန်၊ မင်ဂူး၊ မန်ဆယ်တို့ကြောင့်ပါ။ ကိုရီးယားနိုင်ငံရဲ့ နယ်ပယ်စုံက နာမည်ကျော်တွေရဲ့ ကလေးတွေကို အဖေတယောက်တည်းကပဲ ထိန်းရတာဖြစ်လို့ ချစ်စရာအလွဲလေးတွေနဲ့ မှတ်သားစရာအကြောင်းရာလေးတွေပါလို့ ကြည့်ရှုသူ အများဆုံးအစီအစဉ်တွေ ထဲမှာ ပါဝင်နေပါတယ်။
(၄) Ask Us Anything
အစီအစဉ်တင်ဆက်သူ ထိတ်ထိတ်ကြဲတွေပါဝင်ထားတဲ့ ဒီအစီအစဉ်ဟာ တွေ့ရခဲတဲ့ Talk Show အမျိုးအစားပါ။ တင် ဆက်သူတွေရော၊ လာတဲ့ဧည့်သည်တွေကိုပါ အထက်တန်းကျောင်းသားပုံစံ ဝတ်ရတာဖြစ်ပြီး ဧည့်သည်တွေက ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ရပါတယ်။ ကိုယ်တိုင်ဖြစ်ပျက်ခဲ့တာ တွေကို အမှတ်တရပြန်ပြောင်းပြောရင်း စိတ်လှုပ်ရှားစရာဂိမ်းတွေလည်း ပါဝင်လို့ ရသာစုံခံစားရမယ့် ရှိုးတခုပါ။
(၅) Home Alone
I Live Alone လို့ ပိုလူသိများတဲ့ ဒီအစီအစဉ်ကတော့ နာမည်ကျော်တွေ အိမ်မှာ တယောက်တည်းနေပြီး ဖြတ် သန်းပုံကို ရိုက်ပြထားတာပါ။ နာမည်ကျော်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းပုံတွေကို မြင်တွေ့ရမှာဖြစ်သလို၊ သာမန် သူတွေလိုပဲ သူတို့လည်း အိမ်မှာဘယ်လိုနေထိုင်စားသောက်ကြတယ်၊ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ အချိန် ဘယ်လိုဖြုန်းကြတယ်ဆိုတာ ရိုက်ပြထားပါတယ်။ ဧည့်သည်တယောက်ချင်းစီရဲ့ မတူညီတဲ့ လူနေမှုပုံစံတွေကို မြင်တွေ့ရမှာဖြစ်လို ကိုယ်အားပေးနေတဲ့ idol တွေရဲ့ တကယ့်ဘဝကို ဘယ်လိုဖြတ်သန်းကြတယ်ဆိုတာ သိနိုင် မယ့် အစီအစဉ်တခုပါ။
Ref: Soompi