Entertainment

"The World of the Married" အောင်မြင်မှုက မျှော်လင့်မထားတဲ့ လက်ဆောင်လို့ Kim Hee-ae ဆို

ကိုရီးယားမင်းသမီး Kim Hee-ae က သူပါဝင် သရုပ်ဆောင်ထားတဲ့ “The World of the Married” စီးရီးဟာ လူကြိုက်များမယ်လို့ မျှော်လင့်မထားတာကြောင့် သူ့အတွက်တော့ ထူးခြားတဲ့လက်ဆောင်တခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မင်းသမီး Kim က “ကျမက ဒီဒရာမာကို စတင်ခဲ့ချိန်တုန်းက R-Rated မို့လို့ လူတွေက ကြည့်ကြပါ့မလားလို့ ထင်ခဲ့တယ်။ ကျမရဲ့ ဒရာမာက အခုလိုမျိုး နာမည်ကျော်ကြားနေတာကို ကျမ မယုံကြည်နိုင်ပါဘူး။ ကျမအတွက်တော့ တကယ့်ကိုပဲ ထူးခြားတဲ့ လက်ဆောင်တခုလိုပါပဲ” လို့ ဆိုပါတယ်။

BBC One ကနေ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထုတ်လွှင့်ခဲ့တဲ့ “Doctor Foster” စီးရီးကို အခြေခံထားတဲ့ အဲ့ဒီဒရာမာစီးရီးဟာ ခင်ပွန်းဖြစ်သူရဲ့ သစ္စာဖောက်မှုကိုခံလိုက်ရပြီး ပြန်လည် တုံ့ပြန်ကလဲ့စားချေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးအကြောင်း ပုံဖော်ထားတာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က စလို့ JTBC ရုပ်သံလိုင်းကနေ ပြသခဲ့တဲ့ အဲ့ဒီဒရာမာဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့တုန်းက ထုတ်လွှင့်ခဲ့တဲ့အပိုင်း ၈ မှာတော့ လူကြည့်နှုန်း ၂၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အပတ်စဉ် သောကြာနဲ့ စနေနေ့တို့မှာ ထုတ်လွှင့်နေတဲ့ အဲ့ဒီဒရာမာမှာ အပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပြီး မူရင်း ဇာတ်လမ်းနဲ့ မတူကွဲထွက်တဲ့ အကြမ်းဖက်မှုနဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းတွေကြောင့် ကိုရီးယား ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

မင်းသမီး Kim က “ကျမတို့ရဲ့ ဒရာမာမှာထဲမှာ အရာရာတိုင်းက ပြီးပြည့်စုံနေပါတယ်။ မူရင်း BBC စီးရီးနဲ့ ဒါရိုက်တာ Mo Wan-il ၊ ဇာတ်ညွှန်းရေးဆရာနဲ့ တခြားဝန်ထမ်းတွေဟာ တကယ့်ကိုပဲ ဟန်ချက်ညီညီ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီလိုမျိုး ပြီးပြည့်စုံမှုကြောင့် ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ်လာတယ်လို့် ထင်ပါတယ်” လို့ ဆိုပါတယ်။

၁၉၈၃ ခုနှစ်ကနေ အနုပညာလောကထဲရောက်လာခဲ့သူ မင်းသမီး Kim ဟာ တခြားစီးရီးတွေမှာ သူသရုပ်ဆောင်ခဲ့တဲ့အခါမှာလည်း ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိခဲ့ပါတယ်။ သူဟာ အခု စီးရီးထဲမှာ ခင်ပွန်း၊ သားတို့နဲ့အတူ ပြီးပြည့်စုံတဲ့ ဘဝကို ရရှိထားပေမယ့် ခင်ပွန်းဖြစ်သူဟာ ဖောက်ပြန်နေတယ်လို့ သိလိုက်ရပြီးတဲ့နောက်ပိုင်း ပြင်းထန်တဲ့ အခြေအနေတွေရဲ့ ကြုံခဲ့ရတဲ့ မိသားစုသမားတော် Ji Sun-woo အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဝါရင့်မင်းသမီး Kim က ဇာတ်လမ်းတခုလုံးမှာ စိတ်ခံစားချက်အမြင့်ဆုံး ဇာတ်ဝင်ခန်းကို ပြောပြဖို့ တော်တော်လေး ခက်တယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ အပိုင်းတွေကိုလည်း ပရိသတ်တွေအနေနဲ့ စောင့်မျှော်ကြည့်ရှုကြဖို့ တောင်းဆိုထားပြီး မေလ ၂ ရက်နေ့မှာ ထုတ်လွှင့်မယ့် အပိုင်း ၁၂ မှာ Sun-woo ဇာတ်ကောင်ဟာ သေလောက်တဲ့ အန္တရာယ်စက်ကွင်းထဲ ကျရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပိုင်းဟာ သူ့ရဲ့ဇာတ်ကောင်ဘဝအတွက် အလှည့်အပြောင်းတခုဖြစ်လာမယ်လို့ သိရပါတယ်။

Ref:Yonhap

You may also like these stories:

မိသားစုအားလုံး အကြိုက်တွေ့မယ့် ကိုရီးယားရသစုံ Show များ

မင်းသား Hyun Bin ရဲ့ဓာတ်ပုံကို မှားယွင်း ဖော်ပြခဲ့တဲ့အတွက် CNN Indonesia တောင်းပန်

“The Simpsons” ကာတွန်းစီးရီးမှာ ကိုဗစ်နဲ့ အလားတူ ရောဂါမျိုး ခန့်မှန်းမှု ပါဝင်

Loading