နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကျပ်အတည်း ဖြစ်နေချိန်မှာ ပြည်သူတွေအနေနဲ့ ကရုဏာထားကြဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
လူသားဆန်မှုအတွက် သေးငယ်သော ခြေလှမ်းတခုကို အမည်ပေးထားတဲ့ အဲ့ဒီဗီဒီယိုကို မင်းသားကြီးက Twitter ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းလုံးမှာ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာကို ဖြန့်ဝေကြဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီ ဗီဒီယိုထဲမှာ မင်းသားကြီးက နောက်ခံစကားပြောသူအဖြစ် ပါဝင်ထားပြီး လူသားတွေဟာ ကျွမ်းကျင်ပညာရှင်တွေ အကူအညီကို လိုအပ်တဲ့အချိန်နဲ့ လူသားတွေအချင်းချင်း တဦးအပေါ်တဦး မှီတည်နေတယ်ဆိုတာကို အခုလို အကျပ်အတည်းကာလမှာ မမေ့ကြဖို့ ပြောဆိုခဲ့ပါတယ်။
သူက “ကျနော့် အမေရဲ့ဗိုက်ထဲကနေ ထွက်လာတဲ့အချိန်မှာ ဆရာဝန်တယောက်က ကျနော့်ကို ထွေးပိုက်ခဲ့တယ်။ သူနာပြု တယောက်က ကျနော့်ကို သူ့ရဲ့ ကြင်နာတဲ့ လက်တွေနဲ့ ရေချိုးပေးခဲ့တယ်။ အင်္ဂလိပ်စာ ပထမဆုံးအက္ခရာ A ကို စတင်သင်ကြားတဲ့အခါ ကျနော့်ဆရာက သူ့ရဲ့ လက်ချောင်းတွေနဲ့ ကျနော့် လက်ချောင်းတွေကို ကိုင်ပြီး သင်ပေးခဲ့တယ်။ ကျနော် ကျောင်းသွားခဲ့တဲ့အချိန်မှာ ကျနော့်ရဲ့ ယာဉ်မောင်းလက်ထဲမှာ ဘေးကင်းလုံခြုံမှုက ရှိနေခဲ့တယ်” လို့ ဆိုပါတယ်။
ဆက်ပြီး သူက “ကျနော် ထမင်းစားတဲ့အခါ ကျနော့်ထမင်းချက်ရဲ့ မေတ္တာလက်နဲ့ ပြင်ဆင်ပေးထားတယ်ဆိုတာ သိခဲ့ရတယ်။ ကျနော်တို့က အဲ့ဒီလက်တွေကို အမြဲလိုအပ်ခဲ့ပါတယ်။ ကျနော်တို့ လိုအပ်နေဆဲပါ။ အဲ့ဒီလုံခြုံတဲ့ လက်တွေ၊ ကာကွယ်ပေးမယ့် လက်တွေ၊ လမ်းညွှန်ပေးမယ့် လက်ချောင်းတွေကိုပေါ့” လို့ အဲ့ဒီဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။
အဲ့ဒီနောက် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း ပြောဆိုခဲ့ပါတယ်။ လူတွေနဲ့ ခပ်ခွာခွာနေတယ်ဆိုတဲ့ Social-distancing ဟာ လူသားချင်း စာနာမှုတွေကနေ လူတွေကို ဝေးကွာမနေစေသင့်ဘူးလို့လည်း ဆိုပါတယ်။
သူက “ဒီနေ့မှာ လက်ဆေးတာ၊ လူတွေနဲ့ ခပ်ခွာခွာနေတာဟာ ကျနော်တို့ရဲ့ဘေးကင်းလုံခြုံရေးအတွက် ပိုအရေးကြီးလာပါတယ်။ ဒါကြောင့် ကျနော် ခင်ဗျားတို့ကို ပြောခဲ့ချင်တာက ကျနော်တို့ရဲ့ လူသားဆန်မှုလက်တွေကို မဆေးကြောလိုက်ကြပါနဲ့။ ကျနော်တို့ ဘေးနားက လူတွေကို သံသယ မပွားကြပါနဲ့”
“ကျနော်တို့ ဘေးနားက လူတွေကို မရှောင်ဖယ်ကြပါနဲ့။ ကျနော်တို့ဘေးနားက လူတွေကို မရှက်ရွံ့ကြပါနဲ့။ သတိရှိကြပါ။ ကရုဏာထားကြပါ။ စေတနာထားကြပါ။ အားလုံးကို ပါဝင်စေကြရအောင်ပါ။ လူသားဆန်ရအောင်ပါ” လို့ ဆိုပါတယ်။
အသက် ၇၇ နှစ်အရွယ် မင်းသားကြီးဟာ တခြားလှုံ့ဆော်ရေး အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အတွက် အသိပညာပေးဆောင်ရွက်မှုတွေကိုလည်း အချိန်တော်တော်ကြာကတည်းက လုပ်ဆောင်နေခဲ့ပြီး ဖြစ်ပါတယ်။
Ref: hindustantimes