ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသမီးရောဂါဖြင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မော်ဒယ် J Naw ကတော့ မိသားစုနဲ့ ဝေးနေတဲ့အချိန်မှာ အခုလိုဖြစ်ရတဲ့အတွက် စိတ်အားငယ်မိပြီး မိသားစုဆိုတာ တကယ်လိုအပ်ပါလားဆိုတာကို သိလာခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကပ်ဆိုးကြီးဖြစ်တဲ့ အချိန်ကျမှ ဝေဒနာ ခံစားရတယ်။ ချက်ချင်းဆိုသလိုပဲ ခွဲစိတ်မှု ခံယူရတဲ့အချိန်မှာ သြော် မိသားစုဆိုတာ ကိုယ့်အတွက် တကယ်လိုအပ်ပါလား၊ ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာ ဆိုတာကို ကောင်းကောင်းကြီး သိလာတယ်။ အရင်တုန်းကဆို ကိုယ့်ရဲ့မိသားစုနဲ့ ပတ်သက်ပြီး ကိုယ်လည်း အသက်အရွယ် အပိုင်းအခြားတခု ရောက်လာပြီဆိုတော့ ကိုယ့်ရဲ့မိသားစုကို အချိန်ပေးနိုင်တာမျိုး မရှိခဲ့ဘူး”
“အလုပ်အလုပ်ဆိုတာရဲ့နောက်ကိုပဲ လိုက်နေမိပြီးတော့ ကိုယ်တကယ် ဒုက္ခရောက်တဲ့အချိန် ဝေဒနာကိုခံစားလာရတဲ့ အချိန်မှာ ကိုယ့်အနားမှာ မိသားစုဆိုတာ မရှိဘူးဆိုရင် ဘယ်လောက်ထိ စိတ်အားငယ်ရလဲဆိုတဲ့ ခံစားချက်မျိုးကိုတော့ သိလိုက်တယ်” လို့ J Naw က ဧရာဝတီကို ပြောပါတယ်။
J Naw ဆေးရုံတက်ရတဲ့ အချိန်မှာတော့ မြန်မာပြည်မှာ COVID-19 စတင်ဖြစ်ပွားနေတဲ့အချိန် ဖြစ်တာကြောင့် ခရီးသွားလာမှုတွေ ရပ်တန့်ထားတဲ့အတွက် အဝေးမှာရှိတဲ့ မိသားစုက လာဖို့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
“ကိုယ်တိုင်ဆေးရုံတက်နေတဲ့အချိန်မှာမှ COVID- 19 ကလည်း စဖြစ်တယ်။ ခရီးသွားလာမှုတွေက ရပ်တန့်လိုက်တဲ့ အချိန်မှာမှ ဒီခွဲစိတ်ခန်းထဲကို ဝင်ရမယ်။ ဆေးရုံတက်ရမယ်ဆိုတော့ ကိုယ့်မိသားစုကလည်း ကိုယ်နဲ့အဝေးမှာ ဖြစ်နေတယ်။ ချက်ချင်းလာဖို့ကလည်း အဆင်မပြေ၊ အဲ့လိုအခြေအနေမျိုးမှာ ဖြစ်သွားတာဆိုတော့ လူတိုင်းက ကိုယ်တကယ် ဒုက္ခရောက်တဲ့ အချိန် ဖျားတယ်၊ နာတယ်ဆိုတဲ့အချိန်မျိုးမှာ ကိုယ့်ရဲ့မိသားစုကို လူတိုင်းကတော့ တောင့်တကြတယ်။ မိသားစုဝင်တွေ ရှိတော့ အားရှိတာပေါ့” လို့ J Naw က ပြောပါတယ်။
သေရေးရှင်ရေးဖြစ်လာတဲ့အချိန်မှာ မိသားစုဟာ အရမ်းအရေးကြီးကြောင်းသိလာရပြီး လူတိုင်းလည်း မိသားစုကို တန်ဖိုးထားစေချင်တယ်လို့ ဆိုပါတယ်။
“အဓိကက ကိုယ့်ရဲ့သေရေးရှင်ရေး ဖြစ်လာတဲ့အချိန်မှာ မိသားစုက အရမ်းအရေးကြီးတယ်ဆိုတာ ပိုပြီးသိလာတယ်။ မိသားစုကိုလည်း လူတိုင်းလူတိုင်းလည်း တန်ဖိုးထားစေချင်တယ်။ ကိုယ်တိုင်လည်း မိသားစုဆိုတဲ့တန်ဖိုးကို ကိုယ့်ဘေးနားမှာ ဘယ်သူမှ မရှိတဲ့အချိန် ပိုပြီးတော့နားလည်လာတယ်။ ခံစားရတယ်ဆိုပြီးတော့ လူတိုင်းကိုလည်း ကိုယ့်မိသားစုဝင်နဲ့အတူ ရှိတယ်ဆိုရင် တယောက်ချင်းစီကို တန်ဖိုးထားကြပါ။ နောလေးကို စိတ်ပူပေးတဲ့ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်တယ်” လို့ J Naw ကပြောပါတယ်။
အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ရတဲ့ အကြောင်းကိုလည်း J Naw က အခုလို ပြောပြခဲ့ပါတယ်။
“နောလေး ခွဲစိတ်မှုလုပ်ရတယ်ဆိုတာက မိန်းကလေးတွေ ဖြစ်နေကျ အမျိုးသမီးရောဂါပေါ့။ နောလေးကိုယ်တိုင်လည်း ပေါ့ဆတာလည်း ပါတာဖြစ်တာကြောင့် စပြီးတော့ဖြစ်တဲ့ အချိန်မှာ ဆေးလေးသောက်ပြီးတော့ ကိုယ့်ရဲ့ဝေဒနာကို သက်သာသွားပြီဆိုပြီး ဆေးရုံဆေးခန်း မပြလိုက်မိတဲ့ အခြေအနေကနေစပြီး နောက်ဆုံးအရမ်းအောင့်ပြီးတော့ သည်းမခံနိုင်တော့တဲ့အဆုံး ဖြစ်တဲ့အချိန်ကျမှ အရေးပေါ်ခန်းထဲ ရောက်သွားတယ်။ သိပ်မကြာဘူးဆိုရင်ပဲ အရေးပေါ်ခွဲစိတ်မှု လုပ်ရတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး “အဓိကဖြစ်ရတဲ့အကြောင်းက နောလေးတို့ အမျိုးသမီးတွေအနေနဲ့ဆိုရင် ရာသီစက်ဝန်းပုံမှန် မဖြစ်တာကစပြီး နောက်ဆုံး ခွဲစိတ်မှုလုပ်ရတဲ့ အခြေအနေထိကို ရောက်သွားတာပေါ့။ ဒီဝေဒနာကို စပြီး ခံစားရတဲ့အချိန်မှာ ဆေးမြီးတိုလေးကို သောက်လိုက်၊ သက်သာသွားရင် ပြန်နေလိုက်၊ သိတတ်နားလည်တဲ့သူနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆရာမတွေနဲ့ မပြလိုက်တဲ့ အချိန်ကြာလာတဲ့အချိန်မှာ အထဲမှာရှိတဲ့ ဝေဒနာတွေက ပိုပိုများလာပြီး ခွဲစိတ်ခန်းထဲရောက်တဲ့ အခြေအနေကို ရောက်သွားတာ” လို့ J Naw က ပြောပါတယ်။
J Naw က အခုလို ခွဲစိတ်မှု ခံယူရတဲ့အချိန်မှာ ပွဲလမ်းသဘင်များလည်း မရှိတော့တဲ့ ကာလဖြစ်သွားတာကြောင့် ပျက်သွားတဲ့ အလုပ်တွေတော့ မရှိဘဲ အိမ်မှာပဲ Quarantine ဝင်နေတယ်လို့ သိရပါတယ်။
You may also like these stories:
ဝေးနေကြသူများ ပြန်ဆုံဖို့ ဖိုးကာ ရေးစပ် သီဆိုထားတဲ့ “အခြေအနေပေးခဲ့ရင်”
We Love Yangon အဖွဲ့နဲ့အတူ လိုအပ်နေသူတွေထံ လှူဒါန်းမှု လုပ်နေတဲ့ ထားထက်ထက်
“ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ယူတယ်”လို့ သရုပ်ဆောင် မေမြင့်မိုရ် ပြော