သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားရတဲ့ အမှုရုံးချိန်းကို တလကြာ ရပ်နားပြီး ယနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ချိန်းဆိုခဲ့ရာ တရားလိုဖြစ်သူ မခင်မြတ်နိုး လာရောက်ခဲ့ခြင်း မရှိဘဲ မိုးအောင်ရင်သာ လာရောက်ခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ အမှုတွဲ ရောက်ရှိနေတာကြောင့် အမှုကိုဆက်လက် မစစ်ဆေးဖြစ်ဘဲ မေလ ၂၅ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။
“ဒီနေ့ ရုံးချိန်းမှာ မိုးအောင်ရင်ကို စွဲဆိုထားတဲ့ အမှုမှာ မိုးအောင်ရင် ရုံးချိန်း လာပါတယ်။ တရားလိုဘက်ကတော့ မလာပါဘူး။ ဒီအမှုတွဲက ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက တောင်းသွားတာ ဖြစ်တဲ့အတွက် နောက်လ ၂၅ ရက်နေ့ကို ပြန်ချိန်းဆိုထားပါတယ်” လို့ ရန်ကင်းမြို့နယ် တရားရုံးပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
အမှုကို အခုလို ၁ လကြာ ခွာပြီး ချိန်းဆိုတာဟာ အမှုကို ကြန့်ကြာနေတာ မဟုတ်ဘဲ အမှုတွဲမှာ အရှေ့ပိုင်းခရိုင်ရုံးမှ အယူခံ ပြင်ဆင်မှုအတွက် ကြားနာမှာဖြစ်တဲ့အတွက် မူလရုံးဖြစ်တဲ့ ရန်ကင်းတရားရုံးမှာ စစ်ဆေးလို့ မရတာကြောင့် ၁ လ ပြန်ချိန်းတာဖြစ်တယ်လို့ သိရပါတယ်။
“ကြန့်ကြာနေတာ မဟုတ်ဘူး။ အမှုတွဲကို အယူခံ ပြင်ဆင်တခုခုအတွက် အရှေ့ပိုင်းခရိုင်ရုံးက တောင်းခေါ်သွားတာ အမှုတွဲ တောင်းခေါ်သွားတာဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်ရုံးမှာ အယူခံ ပြင်ဆင်တက်သွားတာဖြစ်တဲ့အတွက် ကြားနာလိမ့်မယ်။ အရှေ့ပိုင်းခရိုင်မှာ ကြားနာပြီးမှ ဒီကို ပြန်ရောက်လာလိမ့်မယ်။ အမှုတွဲ မရှိတဲ့အတွက် ဒီမှာစစ်ဆေး စီရင်လို့ မရလို့ ၁ လ ပြန်ချိန်းပေးလိုက်မယ်” လို့ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။
လက်ရှိမှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ ထွက်ဆိုချက်များ၊ တရားလိုပြ သက်သေများကို စစ်ဆေးပြီးဖြစ်ပြီး နောက်ဆုံး စစ်ဆေးခဲ့တဲ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူဘက်မှ တရားလိုအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးရန် ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင်အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံဖြင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
မိုးအောင်ရင်တို့ အမှုအား အချိန်တိုအတွင်း အပြီးသတ် စစ်ဆေးသွားမည်