MRTV-4 မှာ လက်ရှိပြသနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်ကားမှာ နှစ်ကိုယ်ခွဲ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်က ဒီဇာတ်ကားမှာ စကားပြောအတွက် အခက်အခဲရှိပေမယ့် အကောင်းဆုံး ကြိုးစားထားတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အချစ်ဖွဲ့လေညှင်း ဇာတ်ကားမှာ အရှေ့က ဇာတ်လမ်းတွဲတွေနဲ့ မတူတဲ့ ကာရိုက်တာ သရုပ်ဆောင် ထားပါတယ်။ ဆရာဝန် ဇာတ်ရုပ်ရယ်၊ လုပ်ငန်းရှင် ပုံစံရယ်၊ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတယ်။ ဒီကားမှာ အမြွှာ သရုပ်ဆောင်ရတာ ဆိုတော့ တယောက်က သွက်သွက်လက်လက် သရုပ်ဆောင်ရတယ်။ တယောက်က ခပ်တည်တည်နဲ့ နေရတဲ့ပုံစံ သရုပ်ဆောင်ရယ်”
“နှစ်မျိုး ကွဲထွက်အောင် သရုပ်ဆောင်ဖို့ ဆရာတွေ သင်ပြထားတဲ့အတိုင်း သေသေချာချာတော့ ကြိုးစား သရုပ်ဆောင်ထားတယ်။ အခက်အခဲကတော့ စကားပြောတဲ့နေရာတွေမှာ ကာရိုက်တခုကနေ တခုချိန်းရင် စကားပြောလေးတွေ အခက်အခဲရှိတယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားပါတယ်” လို့ ကျော်ထက်ဇော်က ဆိုပါတယ်။
ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တချို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ်ကိုလည်း အခုလို ဆိုပါတယ်။
“ဇာတ်ကားကောင်းဖို့ အကုန်လုံးကတော့ ကြိုးစားကြတာပေါ့။ ပရိသတ်တွေက ပိုကောင်းစေချင်လို့ ဝေဖန် အကြံပြုတာလည်း ရှိတယ်။ ဒီကားမှာ အမှတ်တရတွေလည်း အများကြီး ရှိပါတယ်။ ပရိသတ်တွေ အသံနဲ့ ဝေဖန်ပြောဆိုနေတာကိုတော့ ဘာမှ မပြောချင်ပါဘူး”
“ပရိသတ်တွေကလည်း ချစ်တဲ့ စိတ်နဲ့ အကောင်းဆုံးပြုပြင်စေချင်လို့ ဝေဖန်ကြတာပဲ ဖြစ်မှာပါ။ အခုလို ရောဂါတွေကြောင့် စိတ်တွေပူနေပေမယ့် ကျနော်တို့ ဇာတ်ကားတွေကို ကြည့်ပြီး အားပေးဝေဖန်ကြသလို လိုအပ်ချက်ကို ပြောပေးနေတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ကျော်ထက်ဇော်က ပြောပါတယ်။
အခုအချိန်မှာ COVID-19 ရောဂါကြောင့် ပရိသတ်တွေ အိမ်မှာနေပါလို့ ပြောနေရပေမယ့် အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ သူတွေကို စိတ်မကောင်းဘူးလို့ ကျော်ထက်ဇော်က ဆိုပါတယ်။
“ကျနော်အခုလို Stay Home နေရတဲ့ အချိန်မှာတော့ အိမ်မှာ စာတွေဖတ်ဖြစ်တယ်။ ဇာတ်ကားတွေ ကြည့်တယ်။ မုန့်တွေ လုပ်စားတယ်။ ထမင်းဟင်းတွေ ချက်တယ်။ ဘုရားတရားလည်း ပိုလုပ်ဖြစ်တယ်။ ကျနော်တို့ကသာ အိမ်မှာနေပါနေပါလို့ ပြောနေကြပေမယ့် အပြင်ထွက်ပြီး အလုပ်လုပ်နေရတဲ့ သူတွေရှိတယ်။ အဲ့တော့ အိမ်မှာနေပါ ပြောနေရပေမယ့် စိတ်တော့ မကောင်းဘူး”
“ ကျနော်တို့လည်း တတ်နိုင်တာလေးတွေတော့ ကူညီပါတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေလည်း ကျန်းမာဝန်ထမ်းတွေပြောတဲ့ စကားကိုလည်း နားထောင်ပြီး ကာကွယ်ဖို့ လိုပါတယ်။ မိသားစုအတွက် အိမ်ထောင့်တာဝန် ထမ်းရတဲ့သူတွေကလည်း သေချာဂရုစိုက်ကြပါ”လို့ ကျော်ထက်ဇော်ကပြောပါတယ်။
Quarantine ဝင်တာကိုလည်း ထွက်ပြေး ရှောင်တိမ်း မနေစေချင်ဘူးလို့လည်း ကျော်ထက်ဇော်က ဆိုပါတယ်။
“Quarantine မဝင်ဘဲ ထွက်ပြေးတိမ်းရှောင် မနေစေချင်ဘူး။ Quarantine ဝင် ဘာမှလည်း ရှက်စရာ မလိုသလို ဘာမှ ကြောက်စရာ မလိုဘူး။ တကယ်ရောဂါတွေ ကူးရင် ဆရာဝန်တွေလည်း သနားဖို့ ကောင်းပါတယ်။ Quarantine ဝင်ဖို့အတွက်ကို ဓာတ်ပုံတွေရိုက်၊ Social media တွေပေါ် တင်တာကျတော့ ရာဇဝတ်သားလိုပဲလေ”
“Quarantine ဝင်ဖို့လာခေါ် ကြတာ Facebook မှာ တွေ့ရတယ်။ အဲ့ဒါတွေကိုလည်း မလုပ်ဖို့ ပြောချင်ပါတယ်။ အဲ့တော့မှ Quarantine ဝင်တဲ့သူတွေကလည်း မကြောက်မရွံ့ပဲ အဆင်ပြေပြေ ဝင်ကြမယ်” လို့ ကျော်ထက်ဇော်က ပြောပါတယ်။
You may also like these stories:
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု
“PLAYERS” ရုပ်ရှင်အတွက် ဆိုင်ကယ်စီး လေ့ကျင့်နေတဲ့ သရုပ်ဆောင် အေးချမ်းမောင်