ကမ္ဘာ့ရုပ်ရှင်ပွဲတော်များကို စုပေါင်းပြီး ၁၀ ရက်ကြာ ပွဲအစီအစဉ် ထုတ်လွှင့်ဖို့ရှိ
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကိန်းစ်နဲ့ နယူးယောက်မြို့တို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ပွဲတွေကို ဖျက်သိမ်းလိုက်ရတာ၊ ရုပ်ရှင်ရုံတွေကို ပိတ်ထားရတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ကမ္ဘာတဝန်းမှာ ကျင်းပနေကျ ရုပ်ရှင်ပွဲတော်ပေါင်း ၂၀ ကျော်ဟာ YouTube ကနေ ရုပ်ရှင်တွေ အခမဲ့ထုတ်လွှင့်ဖို့ ပူးပေါင်းလိုက်ကြပြီ ဖြစ်ပါတယ်။
၁၀ ရက် ကျင်းပမယ့် “We Are One: A Global Film Festival” အစီအစဉ်မှာတော့ ဘာလင်း၊ ကိန်းစ်၊ ဗင်းနစ်၊ တိုရွန်တို၊ Sundance နဲ့ Tribeca တို့လိုမျိုး နာမည်ကျော် ရုပ်ရှင်ပွဲတော်တွေ ပါဝင်လာကြမှာဖြစ်ပါတယ်။ လာမယ့် မေလ ၂၉ ရက်နေ့ကနေ စလို့ တင်ဆက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအစီအစဉ်မှာတော့ ရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ ဂီတ၊ ဟာသ နဲ့ ဆွေးနွေးမှုတွေကို ထုတ်လွှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစီအစဉ် အသေးစိတ်ကိုတော့ မကြေညာသေးပေမယ့် ရုပ်ရှင်ပွဲတော်တွေမှာ စတင်မိတ်ဆက်နေကျ ရုပ်ရှင်အသစ်တွေ ပါဝင်လာမှာမဟုတ်ဘူးလို့တော့ သိရပါတယ်။
လာမယ့် မေလကျရင် ပြင်သစ်နိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းခဲ့ရပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် ဗင်းနစ်နဲ့ တိုရွန်တို ရုပ်ရှင်ပွဲတော်တွေကိုလည်း ပြုလုပ်ဖို့ မရေရာမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ကိန်းစ်ရုပ်ရှင်ပွဲတော် စီစဉ်သူတွေကတော့ သူတို့အနေနဲ့ ထူးခြားတဲ့ ရုပ်ရှင်တွေနဲ့ အရည်အသွေးကို မီးမောင်းထိုးပြပြီး ပွဲတော် တခုချင်းစီမှာရှိတဲ့ အနုပညာ အရည်အသွေးတွေကို ကမ္ဘာတဝန်းလုံးအထိ ပြောပြမှုကို ပရိသတ်တွေ ခံစားနိုင်မှာ ဖြစ်တာကြောင့် အဲ့ဒီ YouTube အစီအစဉ်မှာ ဂုဏ်ယူစွာနဲ့ ပါဝင်ဖြစ်တဲ့အကြောင်း ဧပြီလ ၂၇ ရက်နေ့မှာ ပြောဆိုထားပါတယ်။
ဖျက်သိမ်းလိုက်ပြီးဖြစ်တဲ့ နယူးယောက်မြို့မှာ ကျင်းပနေကျ Tribeca ရုပ်ရှင်ပွဲတော် ပူးတွဲတည်ထောင်သူ Jane Rosenthal ကလည်း အခုလို ကပ်ရောဂါကာလအတွင်းမှာ နယ်စည်းတွေကို ဖြတ်ကျော်ပြီး ပြည်သူတွေ စုစည်း၊ အားယူစေဖို့ အတွက် ရည်ရွယ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters