Iron Cross ဂီတအဖွဲ့ရဲ့ ဂီတသက်တမ်းဟာ ဧပြီလ ၂၇ရက်နေ့က နှစ် ၃၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပြီး အဖွဲ့ဝင်များဟာ Iron Cross Facebook Page ကနေ အမှတ်တရ စကား ပြောထားတဲ့ ဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။
အဆိုတော် ဝိုင်ဝိုင်းက “အားလုံးပဲ မင်္ဂလာပါ။ ကျနော်တို့ IC ရဲ့ နှစ် ၃၀ Anniversary မှာ အားလုံးကျန်းမာပါစေလို့ ဆုတောင်းပေးမယ်။ ကျနော်တို့ ထပ်တွေ့ကြမယ်။ ဆုံကြရအောင်” လို့ ပြောပါတယ်။
Bass ဂစ်တာသမား ခင်မောင်သန့်က “ဘာလိုလိုနဲ့လည်း နှစ် ၃၀ ပြည့်သွားပြန်ပြီ။ ဒီနေ့နှစ် ၃၀ ပြည့်အထိ ကျနော်တို့ Band ကိုအားပေးနေကြလို့ ကျေးဇူးတင်ပါတယ်။ အခြေအနေတွေ အချိန်အခါတွေ တည်ငြိမ်ရင် ၃၀ ပြည့်နှစ်ပွဲကြီးကို လုပ်ဖြစ်ရင်လည်း အားပေးကြနော်” လို့ ပြောပါတယ်။
အဆိုတော် မျိုးကြီးကလည်း “Iron Cross ကို ချစ်တဲ့ ပရိသတ်အားလုံး မင်္ဂလာပါ။ နှစ်ပေါင်း ၃၀ တိုင်တိုင် အစဉ်အဆက် အားပေးလာတဲ့ ပရိသတ်များအားလုံး ကျေးဇူးအများကြီး တင်ပါတယ်။ အခုအချိန်အခါမှာတော့ ပြောချင်တာကတော့ ကျန်းမာရေး ဂရုစိုက်ပါ။ အပြင်သွားရင် Mask တပ်ကြပါ။ ပြန်တွေ့ကြမယ်”လို့ ပြောထားပါတယ်။
အဆိုတော် မျိုးကြီးကတော့ မတ်လအတွင်းက ဘာသာရေး အခမ်းအနား တခုကို တက်ရောက်ခဲ့တာကြောင့် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး လက်ရှိမှာတော့ ရောဂါ ကာကွယ် ထိန်းချုပ်ကုသများ ခံယူနေတာကြောင့် ပထမဆုံးအကြိမ် ရောဂါပိုး Negative တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။
Lead ဂစ်တာသမား ချစ်စမ်းမောင်ကတော့ “ကျနော်တို့ IC ကိုနှစ် ၃၀ တိုင်တိုင်အားပေးတဲ့ ပရိသတ်ကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်များအားလုံးနဲ့ ကမ္ဘာသူ ကမ္ဘာသားများ ကျန်းမာပျော်ရွှင်ကြပါစေ” လို့ ဆိုထားပါတယ်။
မေမြို့မှာ ရောက်ရှိနေတဲ့ အဆိုတော် အငဲကလည်း “မေမြို့မှာတော့ မိုးတွေ ရွာနေတယ်။ ဒီနေ့က ကျနော်တို့ IC ရဲ့ နှစ် ၃၀ ပြည့် တဲ့နှစ်ပေါ့။ ခါတိုင်းဆို ဒီလိုနေ့ဆိုရင် ဆုံနေကျပေါ့။ အခုကျတော့ အိမ်မှာပဲနေနေရတော့ ကျနော်တို့ ညီအစ်ကိုတွေကို အရမ်းသတိရပါတယ်” လို့ ပြောထားပါတယ်။
“နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီဖြစ်တဲ့ Iron Cross ကို နှစ်ပေါင်း ၃၀ ကြာအားပေးကြတဲ့သူတွေအကုန်လုံး နေကောင်းကြပါစေ ၊ ကျန်းမာကြပါစေလို့ မှတ်မှတ်ရရ ဒီနှစ် ၃၀ ပြည့်မှာဆုတောင်းပေးချင်ပါတယ်” လို့လည်း အဆိုတော် လေးဖြူက ပြောထားပါတယ်။
IC အဖွဲ့သားများအားလုံးကတော့ ပရိသတ်များ ကျန်းမာအောင်နေဖို့ ၊ အခြေအနေများ တည်ငြိမ်သွားဖို့က ပြန်လည် ဆုံတွေ့ကြဖို့နဲ့ နှစ်ပေါင်း ၃၀ ကြာ အားပေးတာကို ကျေးဇူးတင်ကြောင်း အသီးသီး ပြောခဲ့ကြပါတယ်။
Iron Cross အဖွဲ့ကိုတော့ ၁၉၉၀ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ အဆိုပိုင်းမှာတော့ အဆိုတော် လေးဖြူ ၊အငဲ ၊မျိုးကြီး ၊ ဝိုင်ဝိုင်းနဲ့ Lead ဂစ်တာသမား ချစ်စမ်းမောင်၊ Bass ဂစ်တာသမား ခင်မောင်သန့်၊ Keyboard ဗညားနိုင်၊ Drum ခရမ်းတို့က တီးခတ် ဖျော်ဖြေနေတာ ဖြစ်ပါတယ်။
You may also like these stories:
မိုးတွင်းမှာ သီချင်းတွေ သွင်းဖြစ်နေတဲ့ Iron Cross အဖွဲ့