တောင်ကိုရီးယား K-pop အဖွဲ့ BTS ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပျံ့နှံ့နေမှု၊ အဲ့ဒီ ကပ်ရောဂါကို ရပ်တန့်စေရေးအတွက် ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကြောင့် မကြာမီ ပြုလုပ်ဖို့ရှိတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ရပ်ဆိုင်းလိုက်တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီက ဧပြီလ ၂၈ ရက်နေ့မှာပဲ ပြောဆိုလိုက်ပါတယ်။
အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဲ့ဒီအဖွဲ့ဟာ ဧပြီလ ၂၅ ရက်နေ့ကစလို့ စတင်ဖို့ စီစဉ်ထားတဲ့ မြောက်အမေရိက နယ်လှည့်ပွဲတွေကို ရွှေ့ဆိုင်းထားပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ဆိုးလ်မြို့တော်မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲတခုကိုလည်း ဖျက်သိမ်းထားပါတယ်။
Big Hit အင်တာတိန်းမန့်က “BTS ဖျော်ဖြေပွဲတွေရဲ့ သဘောသဘာဝအရ ဖျော်ဖြေပွဲတွေ ဘယ်နေရာမှာပဲ ကျင်းပသည်ဖြစ်စေ ထောင်နဲ့ချီတဲ့ နိုင်ငံတကာ ပရိသတ်တွေက လာရောက်ကြတာမျိုး ရှိတာကြောင့် လက်ရှိ တင်းကျပ်တဲ့ နယ်မြေဖြတ်ကျော် လှုပ်ရှားမှု ကန့်သတ်ချက်တွေကြောင့် ပွဲတွေကို ပြန်လည် စတင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီ ကြေညာထားတဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ရပ်ဆိုင်းလိုက်ဖို့နဲ့ အချိန်ဇယားအသစ် ပြန်ရေးဆွဲဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူ ၃ သန်းကျော်လာချိန်မှာပဲ အဲ့ဒီနိုင်ငံတွေမှာ ခရီးသွားလာခွင့် ကန့်သတ်ချက်နဲ့ အသွားအလာပိတ်ဆို့မှုတွေကို လုပ်ဆောင်မှုတွေရှိတာကြောင့် ဥရောပဒေသနဲ့ ဂျပန်နိုင်ငံတို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အဲ့ဒီနယ်လှည့်အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားရပါတယ်။
Big Hit အင်တာတိန်းမန့်ကတော့ နယ်လှည့်ပွဲအတွက် အချိန်ဇယား အသေးစိတ်ကို ရောဂါ ရှင်းလင်းသွားတဲ့အချိန်မှာ ထုတ်ပြန်ပေးမယ်လို့ ပြောဆိုထားပါတယ်။
BTS အဖွဲ့နဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတပုဒ်မှာဆိုရင် “Break the Silence” လို့အမည်ရတဲ့ အဖွဲ့ရဲ့ မှတ်တမ်းစီးရီးကို လာမယ့်လမှာ ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီမှတ်တမ်းစီးရီးမှာတော့ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာတခွင် ဖျော်ဖြေရေးခရီးစဉ်အကြောင်း ရိုက်ကူးထားတာ ဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။
အပိုင်း ၇ ပိုင်းပါဝင်မယ့် အဲ့ဒီစီးရီးကို BTS ပရိသတ် မိုဘိုင်းကွန်မြူနီတီ ဖြစ်တဲ့ Weverse မှာ မေလ ၁၂ ရက်နေ့ ည ၉ နာရီအချိန်ကျရင် ပြသမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Ref: asiaone, yonhap
You may also like these stories:
ကမ္ဘာ့ရုပ်ရှင်ပွဲတော်များကို စုပေါင်းပြီး ၁၀ ရက်ကြာ ပွဲအစီအစဉ် ထုတ်လွှင့်ဖို့ရှိ
အသက် ၅၇ နှစ်ပြည့် မွေးနေ့မှာ ရှားရှားပါးပါး မိသားစု ဓာတ်ပုံတင်ခဲ့တဲ့ ဂျက်လီ
ကပ်ရောဂါကာလမှာ ကရုဏာထားကြဖို့ အမီတာဘဂျမ်း တိုက်တွန်း