မွမ်ဘိုင်းမြို့မှာရှိတဲ့ Kokilaben Dhirubhai Ambani ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ တက်ရောက်ကုသနေရတဲ့ နာမည်ကျော် ဘောလိဝုဒ် မင်းသား Irrfan Khan ဟာ ဧပြီလ ၂၉ ရက်နေ့မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူဟာ အူမကြီး ပိုးဝင်မှုကြောင့် ကွယ်လွန်ခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကမှ အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနေ့ ညပိုင်းမှာတော့ မင်းသားရဲ့ ပြောရေးဆိုခွင့်ရှိသူက မင်းသားရဲ့ ဆေးရုံ တက်ရောက် ကုသမှုနဲ့ ခံစားနေရတဲ့ ရောဂါအကြောင်းကို အတည်ပြုထားပါတယ်။
မင်းသား မကွယ်လွန်မီ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်ညပိုင်းမှာတော့ သူ့ကို အသက်ရှုစက် တပ်ပေးထားရတဲ့ အကြောင်း ကောလာဟလသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသတင်းတွေဟာ မဟုတ်မမှန်တဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြန်လည် ရှင်းလင်းထားခဲ့ပေမယ့် နာရီပိုင်းအကြာမှာပဲ အခုလိုမျိုး ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသားဟာ ကင်ဆာရောဂါကို အချိန်ကာလတခုအထိ ခံစားနေခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ မင်းသားဟာ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေတဲ့အကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။ အဲ့ဒီသတင်းတွေကို မင်းသားက Twitter ပေါ်မှာ တင်ခဲ့ပြီး သူခံစားနေရတဲ့ ရောဂါအကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက သူက ရှားပါးတဲ့ ရောဂါတခုကို ခံစားနေရကြောင်း၊ လက်မလျှော့ဘဲ ဆက်လက် တိုက်ခိုက်မှာ ဖြစ်တဲ့အကြောင်း၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ သူဘယ်လို ရောဂါလက္ခဏာတွေကို ခံစားနေရတယ်ဆိုတာကိုတော့ အတည်မပြုခဲ့ကြောင့် ပရိသတ်တွေက သို့လောသို့လော ပြောဆိုမှုတွေသာ ဖြစ်ခဲ့ရတာပါ။
အဲ့ဒီနောက် မတ်လ ၁၆ ရက်မှာတော့ မင်းသားဟာ Neuroendocrine အကျိတ်လို့ခေါ်တဲ့ ရှားပါးတဲ့ ရောဂါတခုကို ခံစားနေရတဲ့အကြောင်း အတည်ပြုလိုက်ပါတယ်။ အစောပိုင်း ကုသမှုအနေနဲ့ မင်းသားဟာ လန်ဒန်မြို့ကို သွားရောက်ပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်။
နောက် ၁ နှစ်ကြာတဲ့အထိ မင်းသားရဲ့ ကျန်းမာရေးအခြေအနေသတင်းကို ပရိသတ်တွေ မသိရှိခဲ့ရပါဘူး။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်ရောက်မှာတော့ မင်းသားဟာ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု ရှိတဲ့အကြောင်း၊ အတည်ပြုခဲ့ပြီး ရောဂါဖြစ်ခဲ့ပြီးနောက်ပထမဆုံး ရုပ်ရှင်အနေနဲ့ Angrezi Medium ရဲ့ ရိုက်ကူးရေးကို စတင်ခဲ့ပြီဖြစ်တယ်လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hindi Medium ရဲ့နောက်ဆက်တွဲရုပ်ရှင်အတွက် မင်းသားဟာ လန်ဒန်မြို့နဲ့ ရာဂျစ်စတန်ပြည်နယ်တို့မှာ သွားရောက် ရိုက်ကူးခဲ့ရပါတယ်။ သူခံစားနေခဲ့ရတဲ့ ရောဂါကို ကုသခဲ့ပြီးတဲ့နောက် မင်းသားဟာ အိန္ဒိယနိုင်ငံကို ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ်မတ်လမှာ အဲ့ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေ လုပ်တဲ့အခါ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ ကျန်းမာရေးအခြေအနေ ဆိုးရွားမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မင်းသား မကွယ်လွန်မီ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ မိခင်ဖြစ်သူ Saeda Begum ရဲ့ဈာပနကို Video conferencing ကနေပဲ တက်ရောက်ခဲ့တယ်လို့ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။
အနုပညာသက်တမ်း ၃၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသား Irrfan ဟာ နာမည်ကျော် ဘောလိဝုဒ် ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သလို “Slumdog Millionaire” ၊ “Life of Pi” နဲ့ “Jurassic World” တို့လို ဟောလိဝုဒ် ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသားဟာ ကွယ်လွန်ချိန်မှာ ဇနီး၊ သားနှစ်ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။