မြန်မာနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှ စပြီး ပွဲလမ်းသဘင်များ၊ လူစုလူဝေးများ ပိတ်ပင်လိုက်ပြီးနောက်ပိုင်းမှာ လူအများစုဟာ တတ်နိုင်သလောက် အိမ်မှာပဲ နေထိုင်ကြပါတယ်။
ဒီလို အိမ်မှာ နေကြတဲ့အခါ အနုပညာရှင်များအနေနဲ့လည်း သူတို့ရဲ့အနုပညာလှုပ်ရှားမှုများ ရပ်ဆိုင်းလိုက်ရတာ ဖြစ်တဲ့အတွက် သူတို့ကိုချစ်တဲ့ ပရိသတ်များနဲ့ မိတ်ဆွေ အပေါင်းအသင်းများ၊ အစားအသောက် ကြိုက်နှစ်သက်သူများအတွက် အွန်လိုင်းကနေ အစားအသောက်များ ရောင်းချပေးလာကြတာ တွေ့ရပါတယ်။
ကိုဗစ်ကာလအတွင်း အွန်လိုင်းကနေ အစားအသောက်များ ရောင်းချလာကြတဲ့ အနုပညာရှင်များ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) အလှမယ် ထက်ထက်ထွန်းရဲ့ “စိန်ထက်” စိန်တလုံး
အလှမယ် ထက်ထက်ထွန်းကတော့ ဧပြီလ ၂၄ ရက်နေ့ကစတင်ပြီး “စိန်ထက် စိန်တလုံး” ဆိုတဲ့ နာမည်နဲ့ စိန်တလုံး သရက်သီးများကို သူမရဲ့အကောင့်ကနေ ရောင်းချပေးနေပါတယ်။
“စိန်ထက်လေး မနေ့ကစပြီးတော့ သရက်သီး ရောင်းပါတယ်။ အခုလို ယုံကြည်ပြီး အားပေးကြလို့ အရမ်းကို အားတက်ပါတယ်ရှင်။ အခုလို စီးပွားရေး ကြပ်တည်းနေချိန်မှာ ဘယ်လောက်လေးရရ သမာအာဇီဝအလုပ်လေး လုပ်ရင်း ဈေးရောင်းတာလေးကို အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်နော်” လို့ ထက်ထက်ထွန်းက ပြောထားပါတယ်။
သူ့ရဲ့သရက်သီးတွေကိုတော့ာ အကောင်းဆုံး ဝန်ဆောင်မှုအနေနဲ့ စိတ်ချရစေရန် သရက်သီးများကို တလုံးချင်းစီ ပိုးသတ်ပြီး သန့်ရှင်းရေးလုပ်ပေးထားတယ်လို့လည်း ဆိုပါတယ်။
(၂) မိတ်ကပ် ညီညီမောင်(စမ်းချောင်း) ရဲ့ “အပျိုစင်” စိန်တလုံး သရက်သီး
ငယ်စဉ်ကတည်းက ဈေးရောင်းလာခဲ့ရလို့ ဈေးရောင်းရတဲ့အလုပ်ကို မရှက်တဲ့ Makeup Artist ညီညီမောင် (စမ်းချောင်း) ကတော့ “အပျိုစင် စိန်တလုံး သရက်သီး” လို့ နာမည်ပေးထားတဲ့ သရက်သီးများကို အွန်လိုင်းမှတဆင့် ရောင်းချပြီး ကိုယ်တိုင်လိုက်လံ ပို့ပေးနေတာကို တွေ့ရပါတယ်။ သူက ခြံထွက် စိန်တလုံး အစိမ်းနဲ့ အမှည့်များကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။
“ကျမ ဈေးသည် သားသမီးပါ။ ဈေးရောင်းတဲ့ အမေ သင်ပေးလို့ အတန်းပညာ ဘွဲ့တခု ရသလို အသက်မွေးဝမ်းကျောင်း အတွက် မိတ်ကပ်သင်ဖို့ သင်တန်းကြေးကအစ ဈေးရောင်းတဲ့ အမေ ပေးခဲ့တာပါပဲ။ ဈေးရောင်းရတာ မရှက်ပါဘူး။ အမြဲဂုဏ်ယူနေပါတယ်။ သမာအာဇီဝမို့လေ” လို့ ပြောထားပါတယ်။
(၃) သရုပ်ဆောင် ညီနန္ဒရဲ့ ထောပတ်ထမင်း
သရုပ်ဆောင် ညီနန္ဒကတော့ ကိုယ်တိုင် ချက်ပြုတ်ထားပြီး လူမျိုးဘာသာမရွေး စားနိုင်တဲ့ ကြက်သားထောပတ်ထမင်းကို သူ့ရဲ့အကောင့်ကနေ ရောင်းချပေးနေတာ တွေ့ရပါတယ်။
“သန့်ရှင်းလတ်ဆတ်ပြီး လူမျိုးဘာသာမရွေးသုံးဆောင်နိုင်တဲ့ ကျနော်ကိုယ်တိုင်ချက်တဲ့ ကြက်သား ထောပတ်ထမင်းကို Messenger ကတဆင့် အားပေးလို့ရပါပြီခင်ဗျာ” လို့ ပြောထားပါတယ်။
သူ့ရဲ့ထောပတ်ထမင်းကို ဝယ်ယူစားသုံးတဲ့အခါ Delivery ပို့ဆောင်ရာမှာတော့ ပြန်အမ်းငွေ၊ လက်ခံငွေများကို ပိုးသတ်ဆေးဖျန်းထားတဲ့ အိတ်ထဲမှာထည့်ကာ အကြိမ်ကြိမ် ပိုးသတ်ပြီး သူ့ရဲ့ယောက်ဖ ကိုယ်တိုင် ပို့ဆောင်ခ သက်သာစွာနဲ့ လိုက်ပို့ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ထောပတ်ထမင်း ရောင်းချတာကိုတော့ ဧပြီလ ၂၃ ရက်နေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။
(၄) သရုပ်ဆောင် ထူးခြားနဲ့ ပွင့်နဒီမောင်တို့ရဲ့ ဝက်နံရိုးမီးတောက်
သရုပ်ဆောင် ထူးခြားကတော့ သင်္ကြန်မတိုင်ခင် အချိန်ကစပြီး ဝက်နံရိုးမီးတောက် ဟင်းပွဲကို ရောင်းချပေးနေရာကနေ မကြာသေးခင်ကပဲ ပွင့်နဒီမောင်နဲ့အတူ ဝက်သားနဲ့ ပတ်သက်တဲ့ ဟင်းလျာများကို ရောင်းချပေးနေတာ တွေ့ရပါတယ်။
ဝက်နံရိုးမီးတောက်နဲ့ ဝက်လက်ပေါင်း ပွဲအကြီး တပွဲကို ငွေကျပ် ၁ သောင်းခွဲနဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များမှာ အော်ဒါများ လက်ခံပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ထူးခြားရဲ့ ဝက်နံရိုးမီးတောက် ဟင်းလျာကို အနုပညာရှင်တော်တော်များများ အကြိုက်တွေ့နေကြပြီး မကြာသေးခင်ကလည်း သရုပ်ဆောင် အေးမြတ်သူက ထူးခြားဆီမှာ ကိုယ်တိုင် သွားရောက် အားပေးခဲ့ပါသေးတယ်။
You may also like these stories:
Gigi Hadid ကိုယ်ဝန်ဆောင်ထားရပြီလို့ ကောလာဟလများထွက်
ဘောလိဝုဒ်မင်းသား Irrfan Khan ကွယ်လွန်ပြီ
BTS အဖွဲ့ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲများအားလုံး ရပ်ဆိုင်း