Michelle Obama ဟာ သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအကြောင်းကို စာအုပ်တအုပ် ရေးသားခဲ့ပြီး အဲဒီအမှတ်တရတွေကို အခြေခံတဲ့ မှတ်တမ်းရုပ်ရှင် “Becoming” ကို နောက်လာမယ့်လအတွင်း Netflix မှာ ပြသတော့မယ်လို့ အသိပေး ကြေညာခဲ့ပါတယ်။
အခုတပတ် တနင်္လာနေ့တုန်းက သူမရဲ့ Twitter အကောင့်မှာ “ မေလ ၆ရက်နေ့မှာ Netflix ကနေ ပြသမယ့် Becoming အတွက် ကျမကတော့ တော်တော့်ကို စိတ်လှုပ်ရှားနေပြီ” လို့ ပို့စ်တင်ခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ ဒါရိုက်တာ Nadia Hallgren က ရိုက်ကူးထားတာဖြစ်ပြီး Michelle Obama ဟာ သူမ တွေ့ဆုံခဲ့ရတဲ့ အံ့သြစရာ လူတွေအကြောင်းကို မျှဝေထားတာဖြစ်တယ်လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြန်လည် မျှဝေခဲ့ပါသေးတယ်။
၂၀၁၈ ခုနှစ်၊ နှစ်ကုန်ခါနီးမှာ စတင်ထုတ်ဝေခဲ့တဲ့ “Becoming” စာအုပ်ဟာ စာအုပ် ထွက်ထွက်ပြီးချင်းမှာပဲ တနှစ်တာ ရောင်းအားအကောင်းဆုံး စာအုပ်တအုပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စာအုပ် ကော်ပီပေါင်း ၁၀ သန်းကို ရောင်းချခဲ့ရတယ်လို့ Penguin Random House စာအုပ်ထုတ်ဝေရေး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Michelle Obama က သူမရဲ့ တွစ်တာအကောင့်မှာ ဗီဒီယို ကလစ်တခုနဲ့အတူ ပို့စ်ကို မျှဝေခဲ့ပြီး အဲဒီ ဗီဒီယိုကတော့ Philadelphia မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးငယ်တွေနဲ့ သူမ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာအမျိုးမျိုးကို ရိုက်ကူးထားတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကို မရောက်ခင်အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးငယ်တဦးက မေးမြန်းခဲ့တဲ့အပေါ် Michelle Obama က သူမရဲ့ အနာဂတ်ဟာ ဘယ်လိုပုံစံ ရှိမယ်ဆိုတာ အဖြေရှာနေဆဲပဲ ရှိသေးတယ်လို့ ပြန်လည် ဖြေဆိုခဲ့တာပါ။
လတ်တလော အမေရိကန်နိုင်ငံအတွင်း ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အခြေအနေတချို့ကို သုံးသပ်ပြခဲ့ပြီး “ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေကို Becoming ကြည့်ရှုရင်း ရရှိနိုင်ကြဖို့ ကျမ မျှော်လင့်ပါတယ်”လို့ သူမက တွစ်တာအကောင့်မှာ ဖြည့်စွက် ရေးသားခဲ့ပါတယ်။
Ref. edtion.cnn.com
You may also like these stories:
၂၀၂၁ ထိ ကပ်ရောဂါ မကင်းစင်သေးရင် တိုကျိုအိုလံပစ်ပွဲတော်ကို ဖျက်သိမ်းနိုင်
Delivery ပို့သူတွေအပေါ် ရိုက်ခတ်လာတဲ့ COVID- 19
ကိုဗစ်ကာလအတွင်း အွန်လိုင်းမှာ အစားအသောက် ရောင်းလာကြတဲ့ အနုပညာရှင်များ