အဆိုတော် မီးမီးခဲဟာ ရင်သားကင်ဆာ အဆင့် ၄ ကို ခံစားနေရပြီး လတ်တလောမှာ ကင်ဆာဆေးရဲ့ ဆိုးကျိုးတွေကြောင့် ညာဘက် ခြေထောက် စိုးရိမ်ရလို့ ဆေးရုံတင်ထားရတယ်လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နာကနေတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။
“ဆေးစစ်ချက် အဖြေအရ ကျမရဲ့ ညာဘက်ခြေထောက် စိုးရိမ်ရတဲ့အတွက် ဒီမနက်ပဲ ဆေးရုံ တက်လိုက်ရပါတယ်။ ၅ မိနစ်ထက် ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ပါပြီ။ မတ်တပ်လည်း ကြာကြာမရပ်နိုင်ခဲ့ပါဘူး။ အဖြေကတော့ ကင်ဆာပြန့်ပွားမှုနှုန်းက ပုံမှန်ပေမယ့် ကင်ဆာဆေးကြောင့် ဆိုးကျိုးကို ခံစားရတာပါ။ အားလုံးကို ဆုတောင်း သတိရပေးပါ” လို့ မီးမီးခဲက ပြောပါတယ်။
အဆိုပါ အကြောင်းအရာကိုတော့ာ မီးမီးခဲက ယနေ့၊ ဧပြီ ၂၉ ရက်နေ့မှာ ပြောပြထားတာဖြစ်ပြီး အခုဆိုရင် ဆေးရုံတက်နေပြီ ဖြစ်ပါတယ်။
မီးမီးခဲဟာ ကင်ဆာရောဂါကြောင့် ၃ လတခါ ဆေးစစ်နေရပြီး ဆေးများ သောက်သုံးရတာကြောင့် ကင်ဆာဝေဒနာရဲ့ ဘေးထွက် ဆိုးကျိုးတွေကို ခံစားရင်း ဘဝကို ကြံ့ကြံ့ခိုင် နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝေဒနာ ခံစားခဲ့ရတာကြောင့် ဆရာဝန်ထံ ဖုန်းဆက်ကာ ဆေးတောင်း သောက်ခဲ့ရပြီး ပေးလိုက်တဲ့ ဆေးနဲ့ ပတ်သက်ပြီးတော့လည်း ကင်ဆာဝေဒနာရှင်များကို ပြန်ပြီး မျှဝေခဲ့ပါသေးတယ်။
အခုဆိုရင် ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ၅ မိနစ်ထက် ပိုပြီး လမ်းမလျှောက်နိုင်တာ ၂ လကျော်ရှိပြီလို့လည်း သိရပါတယ်။
အဆိုတော် မီးမီးခဲကတော့ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကင်ဆာအဆင့် ၄ အထိ ရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း မီးမီးခဲက မြန်မာနိုင်ငံကို ပြန်လာပြီး သူမရဲ့တကိုယ်တော်ရှိုး “Back to You” ကို ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေကြေးများကိုလည်း ကင်ဆာဝေဒနာရှင်များအား လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
“Becoming” မှတ်တမ်းရုပ်ရှင် Netflix မှာ ပြသတော့မယ်လို့ Michelle Obama ပြော
ဘောလိဝုဒ်မင်းသား Irrfan Khan ကွယ်လွန်ပြီ
မင်းသား Irrfan Khan ဆုံးပြီလို့ ကောလာဟလ သတင်းများထွက်