COVID-19 ရောဂါဆိုး ကာလရှည်ကြာ အခက်အခဲဖြစ်လာခဲ့ရင် ဟာသ သရုပ်ဆောင် မိုးဒီက သူ့ဘဝ မှတ်တိုင်တခု ဖြစ်တဲ့ အကယ်ဒမီ ရွှေကြယ်ကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။
“ကျနော် ရောင်းတဲ့ ဆေးကလည်း အခု လောလောဆယ်တော့ ဖြန့်မရတော့ ရပ်နေတယ်။ မုန့်ဟင်းခါးခြောက် လုပ်ငန်းကတော့ တနေ့ ၄ ၊ ၅ ထုပ်လောက် လာလာဝယ်ကြတယ်လေ။ အဲ့ဒါလေးတော့ ရောင်းနေရတယ်”
“ကျနော် အကယ်ဒမီ ရခဲ့တုန်းက ရွှေကြယ်လေးက နှစ်ကျပ်သား ရှိတယ်။ အဲ့ရွှေကြယ်လေးက သိမ်းထားတာ မရောင်းဖြစ်အောင်တော့ အဆင်ပြေအောင် စားသောက်နေတာ။ ကျနော့် ဘဝရဲ့ မှတ်တိုင်လေးဖြစ်တော့ မရောင်းဘဲ အမြတ်တနိုး သိမ်းထားတာပဲ။ ကာလ ကြာလာလို့ အခက်အခဲရှိရင်တော့ ထုခွဲ ရောင်းချရမှာပဲ။ အဲ့လိုလည်း မရောင်းချင်ပါဘူး။ ရောင်းရရင်လည်း အရမ်း စိတ်မကောင်းဖြစ်ရမှာပါ။ အခုတော့ ကျနော့်ကို ဟိုက နည်းနည်းလှူ၊ ဒီက နည်းနည်းလှူနဲ့ အဲ့ဒါလေးတွေကို ပြေလည်အောင် စားနေတယ်”လို့ မိုးဒီက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် ကိုယ်တိုင်ကလည်း ရောဂါအခံများ ရှိနေတာကြောင့် တတ်နိုင်သလောက် အပြင်မထွက်ဘဲ အိမ်မှာပဲနေနေတယ် မိုးဒီက ဆိုပါတယ်။
“အခုလိုရောဂါတွေ ဖြစ်နေချိန် အိမ်မှာပဲ နေတယ်လေ။ ကျနော်ကလည်း ဂရုစိုက်ရတဲ့သူတယောက်ဖြစ်နေတာကိုး။ ကျနော့်မှာက နှလုံးသွေးကြောကျဉ်းရောဂါ ရှိတယ်ဗျာ။ ဆီးချိုသွေးချိုနဲ့ သွေးတိုးရောဂါ ရှိတယ်။ အဲ့တော့ ကျနော်က ဒီပိုးများထိခဲ့ရင် ကုသမှု မလွယ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတာသိထားရတော့ ကျနော် အပြင်မထွက်ဘဲ အိမ်မှာ နေပါတယ်”
“ဒီပိုးက ဘယ်လိုနေရာကနေ ဘယ်လို ရောက်လာမှန်း မသိတော့ ကျနော့်စိတ်ထဲ တခုခုကိုင်မိရင် ရောဂါဖြစ်မှာ စိုးနေတာကြောင့် အိမ်မှာ မကြာခဏ လက်ဆေးပါတယ်။ မိုးလင်းတာနဲ့ ဘုရားရှိခိုးပြီး ဆုတောင်းမှုတွေ လုပ်ပြီး အိမ်ထဲမှာ ဖြတ်သန်းနေပါတယ်။ ဘယ်နေရာ ဘယ်ချိန်မှာ ကိုယ့်ဆီ ရောက်မလဲ မသိတဲ့ ရောဂါကို ပရိသတ်တွေလည်း ကိုယ့်ဆီ မရောက်လာအောင် တတ်နိုင်သလောက် ဂရုစိုက် ပြီး နေကြပါ။ အပြင်တွေလည်း မထွက်ကြပါနဲ့”လို့ မိုးဒီက ပြောပါတယ်။
ကိုယ်တိုင်က အသက် ၇၃ နှစ် အရွယ် ရှိနေပြီမို့လို့ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်နေရပြီး အခြား မပြေလည်ကြသူများကို လှူဒါန်းချင်ပေမယ့်လည်း မကူညီနိုင်သေးဘူးလို့ မိုးဒီက ဆိုပါတယ်။
“သတင်းလေးတွေ ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတယ်။ တချို့က အဆင်မပြေတော့ ပေးချင် လှူချင်ပေမယ့် ကိုယ်တိုင်ကလည်း ၇၃ နှစ် ဆိုတော့ ဘယ်လိုမှ မကူညီနိုင်ဘူး။ တောင်မင်းမြောက်မင်း မကယ်နိုင်ဘူး ဖြစ်နေတယ်”လို့ မိုးဒီက ပြောပါတယ်။
အိမ်မှာနေပါ ဆိုပေမယ့်လည်း ဝမ်းရေးအတွက် အလုပ်ထွက်နေကြသူတွေ အပေါ်လည်း မိုးဒီက အခုလိုပဲ ပြောပါတယ်။
“အိမ်မှာနေကြပါ ဆိုပေမယ့် ဝမ်းတထွာအတွက် အလုပ်လုပ်နေကြတဲ့သူတို့လည်း အသက်နဲ့ လူတွေပဲ။ ကြောက်ကြမှာပေါ့။ မသေခင်မှာတော့ ငတ်ပြီး သေတာ မဖြစ်ချင်ဘူးဆိုတဲ့အခါ တတ်နိုင်သလောက်ထွက်ပြီး လုပ်နေကြတာပဲလေ။ အဲ့လိုထွက်နေကြသူတွေထဲ ကျနော့် သားအကြီး တယောက်လည်း ပါတယ်။ သူက ဆိုက္ကား ထွက်နင်းတယ်။ သူက စီးပွားရေးလည်း မဟုတ်ဘူး။ ဘုန်းကြီးကျောင်းက သွားချင်တာမျိုးတွေ လိုက်ပို့တယ်”
“တကြောင်းနှစ်ကြောင်း လိုက်ပြီး ပြန်လာရင် ပျော်နေတာ။ သူပိုက်ဆံလည်း မယူပါဘူး။ ကျနော်ပဲကျွေးထားပါတယ်။ သူဖြစ်လာမှာ ကြောက်တယ်။ ဆိုက္ကားသမားတွေကို ပေးတယ်ဆိုတဲ့ ဆန် ၃ ပြည်နဲ့ ဆီ ၁ ပုလင်း ရတော့ ယူလာတယ်။ ပရိသတ်တွေ အကုန်လုံးလည်း စိုးရိမ်ပါတယ်။ လှူဒါန်းမှုတွေ လုပ်နေတဲ့ ပရဟိတတွေ လုပ်နေတဲ့သူတွေ၊ ရှေကတန်းကနေ တိုက်နေတဲ့ ဆရာဝန်၊ ဆရာမတွေ၊ သူနာပြုတွေ သူတို့ကိုလည်း အရမ်းဂုဏ်ယူပါတယ်”လို့ မိုးဒီက ပြောပါတယ်။