ဘောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး Rishi Kapoor ဟာ ၂ နှစ်တာမျှ သွေးကင်ဆာ ခံစားခဲ့ရပြီးနောက် ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်အချိန်၊ မွမ်ဘိုင်းမြို့ Sir HN Reliance Foundation ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Rishi Kapoor ကွယ်လွန်ခါနီးမှာတော့ ဇနီးဖြစ်သူ သရုပ်ဆောင် Neetu Kapoor နဲ့အတူ ရှိခဲ့ကြပြီး ဖခင်ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်းကို Rishi ရဲ့ သားကြီး Randhir Kapoor က Hindustan Times သတင်းဌာနကို အတည်ပြုပေးခဲ့တာပါ။
Rishi Kapoor ရဲ့ မိသားစုထုတ်ပြန်ချက်မှာတော့ ဆေးရုံက ဆရာဝန်တွေနဲ့ ဆေးပညာဝန်ထမ်းတွေကို သူ့အနေနဲ့ နောက်ဆုံးအချိန်ထိ ဖျော်ဖြေနေဆဲ ဖြစ်ကြောင်း၊ သူဟာ သွေးကင်ဆာ စခံစားချိန်ကတည်းက ပျော်ပျော်ရွှင်ရွှင်နေထိုင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး ၂နှစ်တာကာလကိုလည်း သူ့ဆုံးဖြတ်ချက်အတိုင်း နေထိုင်ခဲ့ကြောင်း၊ မိသားစုဝင်နဲ့ သူငယ်ချင်းတွေ၊ အစားအစာနဲ့ ရုပ်ရှင်တွေကိုပဲ သူ့အနေနဲ့ အချိန်ပေးထားကြောင်း၊ အခုလို သူကွယ်လွန်သွားတဲ့အချိန်မှာလည်း သူ့ရဲ့ ပရိသတ်တွေဘက်က မျက်ရည်တွေနဲ့ မဟုတ်ဘဲ အပြုံးတွေကိုယ်စီနဲ့ အမှတ်ရစေချင်ကြောင်း ဖော်ပြထားပါတယ်။
အခုလို Kapoor မိသားစုအနေနဲ့ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှု ရှိနေသလို တကမ္ဘာလုံးလည်း ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း စာနာကြောင်း ၊ ရောဂါပြန့်ပွားမှုကြောင့် အသွားအလာ ကန့်သတ်မှုနဲ့ လူစုလူဝေး ပြုလုပ်ဖို့တားမြစ်ခြင်းတွေ ရှိနေတာကို နားလည်ကြောင်း ၊ Rishi Kapoor ရဲ့ ပရိသတ်တွေနဲ့ ဆုတောင်းပေးနေသူတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေဘက်ကလည်း နိုင်ငံရဲ့ ချမှတ်ထားတဲ့ Lockdown ဥပဒေကို ဆက်ပြီး တလေးတစား လိုက်နာပေးဖို့ ဖော်ပြခဲ့ပါတယ်။
Rishi Kapoor ကွယ်လွန်ခြင်းသတင်းကို မင်းသားကြီး Amitabh Bachchan က သူ့ရဲ့ Twitter အကောင့်မှာ အတည်ပြုပို့စ်တခုရေးသားမျှဝေခဲ့သလို အိန္ဒိယရဲ့ ဝန်ကြီးချုပ် Narendra Modi ကလည်း “သူဟာ အိန္ဒိယနိုင်ငံ တိုးတက်ရေးနဲ့ ရုပ်ရှင်တွေအတွက်ဆို အမြဲတက်ကြွနေသူတယောက်ပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
Ref. m.hindustantimes.com
You may also like these stories:
Irrfan Khan အတွက် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ
“ကိုဗစ်ကာလ ကြာသွားရင် အကယ်ဒမီ ရွှေကြယ်ကို ထုတ်ရောင်းရမယ်”လို့ မိုးဒီ ပြော
COVID-19 ကြောင့် တရုတ်ရုပ်ရှင်လုပ်ငန်း ယွမ် ဘီလီယံ ၃၀ အရှုံးပေါ်