Entertainment

ကိုဗစ်ကာလမှာ ပရဟိတ လုပ်နေတဲ့ သားအတွက် ဂုဏ်ယူနေတဲ့ မေတ္တာ

Want create site? Find Free WordPress Themes and plugins.

COVID-19 ကာလမှာ ပြည်သူတွေအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများ၊ ပရဟိတ အလုပ်များကို လုပ်ကိုင်နေတဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းနဲ့ ပတ်သက်ပြီး ဝမ်းသာမိတယ်လို့ လူရွှင်တော် မေတ္တာက ဧရာဝတီကို ပြောပါတယ်။

“သားက ကျနော်ကို ဆန် ၅ ပြည်နဲ့ ဆီ ၁ ပုလင်း လာကန်တော့တယ်။ သားက ကိုအောင်သော်တို့၊ ကိုဝေဠုကျော်တို့နဲ့ ပရဟိတတွေ လိုက်လုပ်ပေးနေတာ တွေ့ရတော့ ဝမ်းသာတယ်။ သူသည် လူထဲကလူ ဖြစ်တယ်။ လူစိတ်ရှိတယ်။ ကျနော် ပြောပြဖူးတယ်။ သား သတိဝိရိယနဲ့ လုပ်လို့ အမြဲဆုံးမတယ်။ အဲ့အတွက် သူလုပ်နေတဲ့ အလုပ်တွေက သူများကို ဒုက္ခပေးတာ မဟုတ်တဲ့အတွက် ကျနော် ကျေနပ်ပါတယ်”လို့ လူရွှင်တော် မေတ္တာက ပြောပါတယ်။

ဆက်လက်ပြီး အခုလို ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတ သမားများကိုလည်း မေတ္တာက လေးစားတယ်လို့ ဆိုပါတယ်။

“သားတယောက် မွေးရကျိုးနပ်တယ်ပေါ့။ ကိုယ်မွေးထားတဲ့သား အခုလို ပရဟိတတွေ လုပ်တော့ ကျနော် သူ့ကို ကျေးဇူးတင်တယ်။ ဒီရောဂါအတွက် ပါဝင်ကူညီနေတဲ့ ဆရာဝန်၊ ဆရာဝန်မကြီးတွေ၊ Nurse တွေ၊ ပရဟိသမားတွေ၊ ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့ ယောကျာ်းလေး၊ မိန်းကလေး အကုန်လုံးကို လေးစားပါတယ်။ လက်ခုပ်တီးပြီး ဂုဏ်ပြုတာလည်း ပီတိဖြစ်တယ်”လို့ မေတ္တာက ပြောပါတယ်။

လက်ရှိမှာတော့ မေတ္တာက အိမ်မှာပဲ နေနေပြီး အိမ်မှာနေရင်း ပြည်သူတွေကို လက်ဆေးဖို့အကြောင်းနဲ့ Mask တပ်ဖို့ အကြောင်းအရာများ သီချင်းဆိုပြီး တင်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော် အိမ်မှာပဲ နေပါတယ်။ အိမ်မှာနေတော့ လက်ဆေးဖို့ အကြောင်းနဲ့ Mask တပ်ဖို့အကြောင်းသီချင်းတွေ ဆိုပြီး တင်ဖြစ်တယ်။ ကျနော် ထမ်းဆောင်နိုင်တဲ့ ဝန်လေးတွေလည်း လုပ်ပေးပါတယ်။ သဘင်အစည်းအရုံးမှာ လူမှုကူညီရေးမှာ နာယကဖြစ်တော့ ဆန်ဝယ်တာတို့၊ ဆီဝယ်တာတို့ လုပ်ပေးတယ်။ သက်သက်သာသာ ရောင်းပေးလိုက်တဲ့ ဆန်တွေ၊ ဆီတွေ သဘင်အနုပညာရှင်တွေကို လှူတာတွေ လုပ်ပေးဖြစ်တယ်”

“ကျနော်လည်း အပြင်ထွက်ရင် ဆေးတွေ ဖြန်းပြီး Mask တွေ တပ်ပြီး၊ လက်အိတ်တွေ ဝတ်ပြီး သွားပါတယ်။ ရောဂါကပ် ၃ ပါး ဘေးကနေလည်း အမြန်ဆုံး လွတ်ကြပါစေ။ အပြင်ထွက်နေရသူတွေလည်း ဘေးကင်းပါစေ ဆုတောင်းပေးပါတယ်။ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားတော်တွေကို တန်ဖိုးထားပြီး အစွန်းမရောက်တဲ့ စိတ်တွေနဲ့ နေကြပါ။ လောဘ၊ ဒေါသတွေ ဖယ်ပြီး ဒီကပ်ဘေးကို ကျနော်တို့တွေ လွတ်အောင် ကြိုးစားကြမယ်”လို့ မေတ္တာက ပြောပါတယ်။

လူရွှင်တော်၊ ဟာသ သရုပ်ဆောင် မေတ္တာဟာ အငြိမ့်၊ ပြဇာတ်တွေမှာ ကပြ ဖျော်ဖြေမှုများနဲ့အတူ ပြဇာတ်အတွက် ဇာတ်ညွှန်းတွေလည်း ရေးဖွဲ့သူ တယောက်ပါ။ မေတ္တာဟာ သားတယောက်၊ သမီးတယောက်နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading