၂၀၀၇ ခုနှစ်လောက်ကတည်းက ရင်သား ကင်ဆာရောဂါကို ခံစားနေရတဲ့ အဆိုတော် မီးမီးခဲက ဆေးရုံတက် ဆေးကုသမှု ခံယူနေတာ ဖြစ်ပြီး လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း ဒီနေ့ နေ့လယ်ပိုင်းက သူ့ရဲ့Facebook ကနေ Live လွှင့်ပြီး အခုလို ပြောပြခဲ့ပါတယ်။
“နည်းနည်း သက်သာနေပါပြီ။ ဆေးရုံကတော့ မဆင်းရသေးပါဘူး။ ဆုတောင်းပေးကြတာလည်း ကျေးဇူးတင်ပါတယ်။ ခါးဘယ်ဘက် အောက်ပိုင်းမှာ ကင်ဆာဆဲလ်တွေ ထပ်ပြီးတွေ့လို့ အရိုးတွေကို လိုက်စားနေတဲ့နေရာတွေမှာ ဓါတ်ရောင်ခြည် ကုသမှုနဲ့ ကုသမှာဖြစ်တဲ့အတွက်ကြောင့် သတိရဆုတောင်းပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်”
“အားသိပ်မရှိသလိုတော့ ခံစားရတယ်။ ဆေးရုံမှာ အစားအသောက်လည်း နိုင်ငံခြားအစားအစာ ဆိုတော့ သိပ်အဆင်မပြေဘူး။ သူငယ်ချင်း မိတ်ဆွေတွေလည်း လာပို့ပေးတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကြာသပတေးနေ့ အဖြေသိရမှာမို့ အဖြေကောင်းလေးရအောင် ဆုတောင်းပေးကြပါ”လို့ မီးမီးခဲက ပြောထားပါတယ်။
အဆိုတော် မီးမီးခဲက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတဲ့အတွက် သားလေးရဲ့ မွေးနေ့မှာ အတူတူ မရှိပေးနိုင်ခဲ့လို့ ဝမ်းနည်းနေမိတယ်လို့ ဆိုပါတယ်။
“Happy Birthday Son “Napolion” သားလေး ၃ နှစ်ပြည့်တဲ့နေ့မှာ သားနဲ့အတူ မရှိပေးနိုင်တာကို ဝမ်းနည်းပေမယ့် သားအတွက် ခွန်အား အသစ်တွေမွေးပြီ ဆေးရုံကနေ အကောင်းဆုံး ကုသမှုတွေ ခံယူပြီး ပြန်လာခဲ့မှာမို့ သားလေး ပျော်ရွှင်ရစေမယ်နော်။ ဒီ ကင်ဆာရောဂါဆိုးကြီး နွံကနေ ရုန်းထွက်နိင်တော့မှာပါ”
“သားရယ် ဒီ Birthday သီချင်းလေးကို ဆိုတုန်းက မိသားစု အားလုံးအတွက် သူဆိုထားတာတဲ့။ God Bless You Son”လို့ မီးမီးခဲက သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။
အဆိုတော် မီးမီးခဲကတော့ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ကင်ဆာအဆင့် ၄ အထိ ရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း မီးမီးခဲက မြန်မာနိုင်ငံကို ပြန်လာပြီး သူ့ရဲ့တကိုယ်တော်ရှိုး “Back to You” ကို ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေကြေးများကိုလည်း ကင်ဆာဝေဒနာရှင်များအား လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
ကင်ဆာရောဂါ ခံစားနေရသူများအတွက် နည်းလမ်းတခု မျှဝေခဲ့တဲ့ မီးမီးခဲ