ဒါရိုက်တာ အောင်ချမ်းလူ ရိုက်ကူးထားတဲ့ “၃ (က)” ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၁ ရက်နေ့မှာပြုလုပ်မယ့် ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ရွေးချယ်ခံခဲ့ရပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ COVID -19 ကြောင့် ပွဲပျက်ခဲ့ရပြီး ပြသခွင့် မရခဲ့ဘူးလို့ ဒါရိုက်တာ အောင်ချမ်းလူက ဧရာဝတီကို ပြောပါတယ်။
“ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်မှာ ကိုရီးယားရုပ်ရှင် ၁ ကား၊ မြန်မာရုပ်ရှင် ၁ ကားပြမယ်ပေါ့။ အဲ့က Organizer က ကျနော့်ကားကို ရွေးတယ်။ ဒိုင်ယာလော့လည်း ယူသွားတယ်။ ကိုရီးယား Subtitle ထိုးနေတဲ့ အချိန်မှာပဲ COVID-19 ဖြစ်တော့ အဲ့ပွဲလည်း ရပ်လိုက်ရတယ်” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
အခုချိန်မှာ တကမ္ဘာလုံးဆုံးရှုံးမှုတွေ ဖြစ်တဲ့အတွက် ဘာမှ မတတ်နိုင်ဘဲ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမယ့်အတွက်တော့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“တကမ္ဘာလုံးဖြစ်တာဆိုတော့ ကျနော်လည်း မတတ်နိုင်ဘူးပေါ့။ ကိုယ်တယောက်တည်း ဖြစ်တာ မဟုတ်ဘူးလေ။ ပထမကတော့ ပျော်တာပေါ့။ သူတို့နိုင်ငံက မင်းသား၊ မင်းသမီးတွေပါ တက်ဆိုမှာတော့ သူတို့ရှေ့မှာ ပြမှာဆိုတော့ ဒီအပေါ်မှာ တော်တော်လေး ဝမ်းသာမိတယ်။ အခုတော့ မပြဖြစ်တော့ဘူး။ ပွဲလည်း မလုပ်ဖြစ်တော့ဘူးဆိုတော့လည်း မတတ်နိုင်ဘူးပေါ့။ တကမ္ဘာလုံးက ရင်ဆိုင်နေရတဲ့ပြဿနာဆိုတော့ ကိုယ်လည်းပါမှာပဲလေ” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
အဆိုပါ “၃ (က)” ပြသစဉ်ကလည်း အစပိုင်းမှာ ရုံလူမဝင်တာတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ရှင်ရဲ့ ကောင်းမွန်မှုကြောင့် လူကြည့်များခဲ့ပြီး အခုအချိန်မှာလည်း COVID-19 ဂယက်နဲ့ တိုက်ဆိုင်ခဲ့ရပြန်တယ်လို့ ဆိုပါတယ်။
“တိုက်ဆိုင်တာပေါ့။ သူများတွေလည်း ခံရပါတယ်။ ကျနော့် ရှေ့မှာဆိုရင် ရုံတင်ဖို့ကျန်တဲ့ ကားတွေ တို့လို့တန်းလန်း ဖြစ်နေတာတွေလည်း ရှိတယ်ပေါ့။ တင်ဖို့လုပ်ပြီးမှ မတင်ရတဲ့ကားတွေ တင်နေရင်းတန်းလန်းနဲ့ ရပ်နေရတာတွေလည်း ရှိတယ်ပေါ့။ ကိုယ်ပဲဖြစ်တာ မဟုတ်ဘူးပေါ့” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
ဒီကားကိုတော့ စင်ကာပူနိုင်ငံမှာလည်း သွားရောက်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုအခြေအနေအရ ပြသဖို့အတွက် အဆင်မပြေတော့ဘူးလို့လည်း သိရပါတယ်။
“ပထမတော့ပြဖို့ စိတ်ကူးမရှိဘူး။ တော်တော်များများက စင်ကာပူမှာပြဖို့ ပြောတယ်ပေါ့။ ထုတ်လုပ်သူကို လှမ်းပြောကြတော့ ထုတ်လုပ်သူကလည်း စိတ်ဝင်စားတယ်။ စင်ကာပူမှာပြဖို့ သူကြိုးစားနေတဲ့အချိန်မှာပဲ အခုလိုပြဿနာတွေ ထဖြစ်တာပေါ့။ ဘယ်လိုမှပြဖို့ကတော့ အဆင်မပြေလောက်သေးဘူးထင်တယ်” လို့ ပြောပါတယ်။
ယခု မေလအတွင်းမှာပဲ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ပြင်ဆင်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ရပြီး တတိယမြောက် ရိုက်ဖို့အတွက် စီစဉ်ထားတဲ့ ရုပ်ရှင်ကားကို ဒုတိယမြောက်ကားအဖြစ် ၇ လပိုင်းမှာ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော် ဒုတိယကားကို အစကရိုက်ဖို့ပေါ့။ ၅ လပိုင်းမှာ ရိုက်ဖို့ဆိုတာက အခု ဒီပြဿနာကြောင့် ရပ်ထားရတယ်။ ဒုတိယကားမှာက ဇာတ်လမ်းဖန်တီးသူက တယောက်၊ ဇာတ်ညွှန်းက တယောက်ပေါ့။ အဲ့လိုမှာ ကျနော့်အနေနဲ့ ညှိလို့မရတာလေးတွေ ဖြစ်နေတယ်ပေါ့”
“ အဲ့ကားကတော့ ဒုတိယရိုက်ဖို့ စီစဉ်ထားတာ မရိုက်ဖြစ်ဘူး။ တတိယရိုက်ဖို့ ကားကို ဒုတိယကားပြန်လုပ်ဖို့ စီစဉ်ထားတယ်။ ကျနော် ထင်တယ်။ ၇ လပိုင်းလောက်မှာ တတိယရိုက်ဖို့ စီစဉ်ထားတဲ့ကားက ဒုတိယကား ဖြစ်လာမှာပါ။ အဲ့ကားကတော့ ရှေ့က ၃(က)နဲ့ မတူတဲ့ကားလေး ဖြစ်လာပါလိမ့်မယ်” လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။
ဒါရိုက်တာ အောင်ချမ်းလူကတော့ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ ပြည့်တန်ဆာများနဲ့ ပတ်သက်တဲ့ ဥပဒေတခုကို မီးမောင်းထိုးပြထားတဲ့ “၃(က)” ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ Facebook ကနေ စာဖတ်ပြတဲ့ ဒေါင်း
မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်
ကိုဗစ်ကာလမှာ ပရဟိတ လုပ်နေတဲ့ သားအတွက် ဂုဏ်ယူနေတဲ့ မေတ္တာ