သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့ မိခင်ဖြစ်သူဟာ မေလ ၃ ရက်နေ့က ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ နာရေးကို လူဦးရေ အယောက် ၂၀ သာ တက်ရောက်ခွင့် ပြုတာကြောင့် နားလည်ပေးကြပါလို့ သရုပ်ဆောင် ဆုမြတ်နိုးဦးက သူရဲ့ Facebook မှာ ရေးသားထားပါတယ်။
“မြတ်နိုးရဲ့မေမေ ကွယ်လွန်သူ ဒေါ်သန်းသန်းကြူအား ရည်စူးပြီး ယနေ့ မေလ ၄ ရက်နေ့၊ နံနက် ၇ နာရီ အချိန် နေအိမ်မှာ ဆွမ်းသွပ်တရားနာ အမျှ ပေးဝေခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီခွဲမှာ ရေဝေး အစ္စလာမ်သုဿန်မှာ မေမေရဲ့ မိဘ၊ မောင်နှမများဆန္ဒနဲ့ မိသားစုသဘောဆန္ဒ အရ မြေမြုပ် (ဒွါဖနာ) ပြီးစီးပြီ ဖြစ်ပါတယ်”
“ဆေးရုံတက်စဉ်အတွင်း ဂရုစိုက် ကုသပေးကြတဲ့ ရန်ကုန်ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမအားလုံးနဲ့ ဝမ်းနည်းကြေကွဲကြောင်း လူကိုယ်တိုင် လာရောက် အားပေးစကားပြောကြသော မိတ်ဆွေများ၊ ဖုန်း၊ Facebook, Messengers ,Viber မှ ဆွေမျိုးမိတ်ဆွေများ၊ အနီးဆုံးအနားမှာ ရှိနေပေးကြသူများအားလုံး တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ အသုဘ အခမ်းအနားကို လူဦးရေ ၂၀ သာ တက်ရောက်ခွင့်ပြုသဖြင့် နားလည် ခွင့်လွတ်ပေးကြပါ”လို့ ဆုမြတ်နိုးဦးက ဆိုထားပါတယ်။
အနုပညာရှင်တော်တော်များများကလည်း ဆုမြတ်နိုးဦးရဲ့ မိခင် ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း အသီးသီး ဆိုထားကြပါတယ်။ မကြာသေးခင်က ဆုမြတ်နိုးဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း မိခင်ဖြစ်သူ ကျန်းမာရေး မကောင်းတဲ့အတွက်ကြောင့် ပြန်လည် ဖြေကြားဖို့ အဆင်မပြေသေးဘူးလို့ ဆိုခဲ့ပါသေးတယ်။
သရုပ်ဆောင် ဆုမြတ်နိုးဦးဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။