Entertainment

ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်လာတဲ့ “World of the Married” ဒရာမာ

တောင်ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသနေတဲ့ “World of the Married” ဒရာမာဟာ နိုင်ငံရဲ့ ကေဘယ်ရုပ်သံ သမိုင်းမှာ လူကြည့်နှုန်းအများဆုံး စံချိန်သစ်ကို တင်နိုင်ခဲ့တယ်လို့် သိရပါတယ်။

Soompi မီဒီယာရဲ့ အဆိုအရ အဲ့ဒီဒရာမာရဲ့ နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့အပိုင်းဟာ နိုင်ငံအတွင်း လူကြည့်နှုန်း ၂၄ ဒဿမ ၃၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ်က “SKY Castle” ဒရာမာရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်း လူကြည့်နှုန်းစံချိန် ၂၃ ဒဿမ ၇၈ ရာခိုင်နှုန်းကို ကျော်တက်သွားခဲ့တယ်လို့ သိရပါတယ်။

အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်း JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ အဲ့ဒီဒရာမာမှာ အပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပြီး နောက်သီတင်း၂ပတ်အတွင်း အပိုင်း ၄ ပိုင်း ပြသဖို့ကျန်ရှိနေပါသေးတယ်။ အဲ့ဒီ ဒရာမာဟာ ၂၀၁၇ ခုနှစ်မှာ BBC ကနေ ပြသခဲ့တဲ့ “Doctor Foster” စီးရီးကို အခြေခံ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

“World of the Married” ဒရာမာဟာ ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုနဲ့ ကြုံတွေ့လိုက်ရတဲ့ မိသားစု သမားတော် ဂျီဆွန်းဝူနဲ့ ခင်ပွန်း လီထယ်အိုတို့ရဲ့ အိမ်ထောင်ရေးဇာတ်လမ်းကို အခြေတည်ထားပါတယ်။ အဲ့ဒီဇာတ်ကောင်၂ခုကြားက စိတ်ခံစားချက်ပိုင်းဆိုင်ရာ အနိမ့်အမြင့် အတက်အကျကြောင့် ဒရာမာကို ကြည့်ရှုသူ တိုးလာတာဖြစ်တယ်လို့် ဆိုပါတယ်။

ဂျာကာတာပို့စ် သတင်းရဲ့ အဆိုအရ အင်ဒိုနီးရှားနိုင်ငံသားအချို့ဟာ အဲ့ဒီဒရာမာထဲက ဖောက်ပြန်သူ မိန်းကလေး ဟန်ဆိုဟီးရဲ့ ဖြစ်စဉ်ကို အခြေခံပြီး အွန်လိုင်းပေါ်မှာ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလာတာတွေ ရှိတယ်လို့ သိရပါတယ်။

အများစုက မှတ်ချက်ပေးတဲ့နေရာမှာ မင်းသမီးအပေါ် သူများ ယောကျာ်းကို ခိုးယူသူဆိုတဲ့ စကားလုံးကို အသုံးပြုကြသလို အဲ့ဒီလိုမျိုးပြောဆိုခဲ့တဲ့ နိုင်ငံသားတွေအတွက် တောင်းပန်ပါကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ မင်းသမီး ဟန်ဆိုဟီးရဲ့ သရုပ်ဆောင် ကျွမ်းကျင်မှုကိုလည်း ချီးမွမ်းပြောဆိုမှုတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကကတော့ နာမည်ကျော် ကိုရီးယား ဒရာမာ “Crash Landing On You” ဟာ tvN ရုပ်သံသမိုင်းမှာ လူကြည့်နှုန်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဲ့ဒီဒရာမာဟာ လူကြည့်နှုန်း ၂၁ ဒဿမ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ အရင်ကစံချိန်တင်ခဲ့တဲ့ “Goblin” ဒရာမာကတော့ လူကြည့်နှုန်း ၂၀ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့တာပါ။

“Crash Landing On You” ဒရာမာဟာ လေဟုန်စီးရင်း မတော်တဆမှုကြောင့် မြောက်ကိုရီးယားနိုင်ငံထဲကို ကျရောက်ခဲ့ပြီး ဗိုလ်ကြီးတဦးနဲ့ မေတ္တာမျှခဲ့တဲ့ တောင်ကိုရီးယား သူဌေးမလေး တဦးအကြောင်းဖြစ်ပါတယ်။ အဲ့ဒီဒရာမာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပြသခဲ့ပြီး Netfilx မှာလည်း ကြည့်ရှုနိုင်ပါတယ်။

Ref:asiaone

You may also like these stories:

“The World of the Married” အောင်မြင်မှုက မျှော်လင့်မထားတဲ့ လက်ဆောင်လို့ Kim Hee-ae ဆို

ကိုရီးယားမှာ လူကြည့်နှုန်း မြင့်နေတဲ့ ဇာတ်လမ်းတွဲများ

Loading