ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က UAB Bank နဲ့အတူ ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် မွေးနေ့ Show ပွဲပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်က ပွဲမှ ရရှိခဲ့တဲ့ အလှူငွေများထဲမှ သိန်း ၂၂၀ တန် အသက်ရှုစက်ကို လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့ မနက် ရန်ကုန်တိုင်းအစိုးရကို Birthday Show အလှူငွေထဲက အသက်ရှုစက် (Ventilator) တလုံး လှူဒါန်းခဲ့ပါတယ်။ ဒီအသက်ရှုစက်ကိုတော့ ဖောင်ကြီးဆေးရုံမှာ ထားရှိမှာ ဖြစ်ပါတယ်။ အသက်ရှုစက်က မူလဈေးနဲ့ သိန်း ၂၂၀ ကျသင့်မှာ ဖြစ်ပေမယ့် ကျနော့်ကို Discount ပေးတာရယ် Exchange Rate ပြောင်းတာရယ်နဲ့ အခုငွေရှင်းတဲ့အခါမှာ ၁၉,၇၄၀,၀၀၀ ကျပ်နဲ့ ပေးချေခဲ့ရပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုထားပါတယ်။
ပေးလှူခဲ့တဲ့ အသက်ရှုစက်ကိုတော့ ဖောင်ကြီးဆေးရုံမှာ ထားရှိမှာဖြစ်ပြီး အလှူငွေတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“ဒါကြောင့် ကျနော့်ဆီမှာ အလှူငွေ ၅၃၉,၈၆၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျန်ရှိနေပါသေးတယ်။ နောက်တခေါက် ထပ်မံ လှူဒါန်းပါမယ်။ ဒီအလှူက ကျနော့် ပရိသတ်များ၊ မိတ်ဆွေလုပ်ငန်းရှင်များ၊ Birthday Show မှာပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များရဲ့စုပေါင်းအလှူ ဖြစ်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ပွဲမှရရှိတဲ့ အလှူငွေများထဲမှ ယနေ့အထိ လှူဒါန်းငွေ စုစုပေါင်းကတော့ ၇၉၇ သိန်း ၄ သောင်းကျပ်တိတိ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့အထိ လှူဒါန်းပြီး စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိ ဖြစ်ပါတယ်။ ဒီနေ့ ကျနော်နဲ့အတူ ဦးဇော်မင်း (မင်္ဂလာရုပ်ရှင်ရုံ) မှလည်း ကျပ်သိန်း ၁၀၀ တိတိ ထပ်မံ လှူဒါန်းခဲ့ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း အဆိုပါပွဲမှ ရရှိတဲ့ငွေများထဲမှ သိန်း ၃၀၀ ကျပ်ကို ပြည့်သူ့ကျန်းမာရေးနဲ့ ကုသရေးအတွက် လှူဒါန်းခဲ့ပါသေးတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီ ၁၀ ရက်နေ့က သူရဲ့ မွေးနေ့အမှတ်တရ အဖြစ် Birthday Show in Bed ကို ပြုလုပ်ကာ အွန်လိုင်းမှ ပရိသတ်များကို ဖျော်ဖြေခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်က အဲ့ဒီကနေ ရရှိခဲ့တဲ့ ငွေကြေးများကို COVID -19 နဲ့ပတ်သက်ပြီး အနုပညာအား၊ ငွေအင်အားများဖြင့် လှူဒါန်းမှုများစွာ ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
ကြံရည်ရောင်းတဲ့ Rap ဝါသနာရှင်ကို သီချင်းပေးဆိုခဲ့တဲ့ ယုန်လေး
မိခင်ရဲ့နာရေးကို လူအယောက် ၂၀ နဲ့သာ ပြုလုပ်ခဲ့ကြောင်း ဆုမြတ်နိုးဦး ပြော
ကိုဗစ်ကြောင့် “၃ (က)” ရုပ်ရှင် ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ပျက်ခဲ့ရ