သရုပ်ဆောင် တိုင်ရွန်က COVID-19 ရောဂါ ဖြစ်ပွားနေချိန်မှာ ရပ်ကွက်ထဲက အနှေးယာဉ်သမားတွေကို စားစရာနဲ့ Mask တွေ တတ်နိုင်သလောက် လှူပေးဖြစ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“ကျနော် ရပ်ကွက်ထဲက အနှေးယာဉ်သမားတွေကိုလည်း လှူဖြစ်ပါတယ်။ တတ်နိုင်သလောက် အလှူလေးတွေ လှူဖြစ်ပါတယ်။ ကျနော်ကို Maskတွေလည်း လှူဖို့ရှိပါသေးတယ်။ ရောဂါပိုးကြီးက မပြီးသေးတာမို့ ဂရုစိုက်ပြီး နေကြပါလို့။ အခုလို မိသားစုနဲ့ရှိတဲ့ အချိန်မှာ မိသားစုတွေ ချစ်ခင်ပျော်ရွှင်နိုင်ကြပါစေ။ ဒီရောဂါပိုးလည်း အမြန်ဆုံးပျောက်ကင်းနိုင်ပါစေ”လို့ တိုင်ရွန်က ပြောပါတယ်။
လက်ရှိ အချိန်မှာ အပြင်ထွက် အလုပ်လုပ်နေရသူတွေအတွက်လည်း စိတ်မကောင်းဘူးလို့ မော်ဒယ် တိုင်ရွန်က ဆိုပါတယ်။
“ရောဂါဖြစ်နေလည်း အပြင်ထွက် အလုပ်လုပ်ရသူတွေ ရှိတော့ အဲ့လူတွေက ရောဂါဖြစ်မှာထက် စားစရာ သောက်စရာ မရှိမှာ ပိုပြီးကြောက်ရတယ်ဆိုတော့ သူတို့အတွက်တော့ စိတ်မကောင်းဘူး။ ထွက်ရတဲ့သူတွေလည်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာကြပါ”
“အခု COVID-19 ရောဂါပိုးက ဖြစ်တဲ့သူပြန်များလာတော့ ကျနော်တို့ ပြည်သူပြည်သားတွေ ပိုပြီး ဂရုစိုက်ဆင်ခြင်ရမယ့် အချိန်ရောက်လာပြီ။ ပိုးမရှိဘူးဆိုပြီး ပေါ့သွားတာလည်း ပါတယ်။ ဒီရောဂါဖြစ်နေတာ အချိန်က ၁ လကျော်ပြီဆိုတော့ ပေါ့နေကြတာလည်း ပါပါလိမ့်မယ်။ အဲ့အတွက် အခုချိန်က စိုးရိမ်ရတဲ့ အချိန်ဖြစ်လို့ အရင်ထက် သတိရှိပြီး ဆင်ဆင်ခြင်ခြင် နေစေချင်ပါတယ်”လို့ တိုင်ရွန်က ဧရာဝတီကို ပြောပါတယ်။
လတ်တလောမှာတော့ တိုင်ရွန်က အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ လုပ်ဖြစ်နေသလို စာအုပ်တွေလည်း ဖတ်ဖြစ်တယ်လို့ ဆိုပါတယ်။
“Stay Home မှာ အိပ်လိုက်စားလိုက် လုပ်နေတယ်။ အလုပ်မရှိဘူးဆိုတော့ အတိုးချပြီး အိပ်တယ်။ အိမ်မှာနေရင်း လေ့ကျင့်ခန်းလေးတွေ လုပ်ဖြစ်တယ်။အပင်စိုက်ရတာ ဝါသနာပါတော့ အပင်လေးတွေကို ဂရုစိုက်တယ် ရေလောင်း တယ်။ ပရိသတ်တွေ လက်ဆောင်ပေးတဲ့ စာအုပ်တွေ ဖတ်ဖြစ်နေတယ်။ အခုချိန်မှာ Gymတွေ ပိတ်နေတော့ အလေးတွေ ဝယ်ပြီး အလေးတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းဖြစ်ပါတယ်။ အစားအသောက်ကိုလည်း ထိန်းစားပါတယ်”
“အနုပညာတွေတော့ ပြန်လုပ်ချင်နေပြီ။ အိမ်ထဲမှာနေရတာ ပျင်းလည်း ပျင်းတယ်။ လုပ်ငန်းခွင်က သူတွေလည်း သတိရတယ်။ အလုပ်တွေ ပြန်လုပ်ရတော့မယ်ဆိုရင် အလုပ်ထဲမှာ ပိုပြီး စနစ်တကျနဲ့ လုပ်မယ် ပိုက်ဆံလည်း ပိုစုဖြစ်မယ်။ အရင်က မစုဖြစ်ဘူး။ တကယ်တမ်း အခုလိုဖြစ်ချိန်ကျတော့ စုရမယ်ဆိုတာ ပိုနားလည်ခဲ့ပြီ”လို့ တိုင်ရွန်က ပြောပါတယ်။
You may also like these stories:
Birthday Show မှရတဲ့ အလှူငွေများနဲ့ အသက်ရှုစက် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
ကြံရည်ရောင်းတဲ့ Rap ဝါသနာရှင်ကို သီချင်းပေးဆိုခဲ့တဲ့ ယုန်လေး
Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်