အဆိုတော် John Legend ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အရူးဆိုပြီး ခေါ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ပိုးသတ်ဆေးထိုးနှံမှုတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဝေဒနာရှင်တွေကို ကူညီပေးနိုင်တယ်လို့ ဆိုတဲ့ သမ္မတရဲ့ ရူးကြောင်ကြောင် အကြံဉာဏ်တွေကို ရှုတ်ချပြောဆိုခဲ့ပြီး အခုလက်ရှိအချိန်မှာ ဘယ်သူမှ သမ္မတထရန့်လောက် နိုင်ငံကို ဆိုးဆိုးရွားရွား ဦးဆောင်နိုင်တဲ့သူမရှိဘူးလို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။
အဆိုတော် John က “တော်တော်လေးကို အဓိပ္ပါယ်မဲ့လွန်းပါတယ်။ ဒီလိုမျိုး အရူးတယောက်ကို အမေရိကန် နိုင်ငံရဲ့ သမ္မတအဖြစ် ကျနော်တို့ ရွေးကောက်ခဲ့တယ်ဆိုတာ ယုံကိုမယုံနိုင်ဘူး။ သူပြောတာတွေက တော်တော်လေးကို ကြောင်တောင်တောင်နိုင်တယ်။ တချိန်တည်းမှာ တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတယ်။ သူက လူတွေမလုပ်သင့်တဲ့ အိမ်တွင်း အပျော်သုံး ဆေးမြီးတိုတွေကို ပြောလာတယ်”
“ သူ့ဆွေမျိုးတယောက်က ဆရာဝန်ဆိုတော့ သူက ပိုသိပိုတတ်တယ်လို့ ထင်နေတယ်။ ပြီးတော့ သူက သိပ္ပံပညာရှင်တွေ ပြောတဲ့ အချက်အလက်တွေကို နားမထာင်ဘူး။ သူကိုယ်ကျိုးရှိဖို့အတွက်ပဲ ဆုံးဖြတ်ချက်ကိုချတယ်။ သူကတော်တော်လေးကို ဉာဏ်တိမ်တဲ့စဉ်းသားသူတယောက်ပဲ။ ဒါကြောင့် အစီအစဉ်တကျနဲ့ ကာလရှည် တွေးခေါ်မျှော်မြင်မှုလိုအပ်နေတဲ့ ရှုပ်ထွေးကြီးမားတဲ့ ပြဿနာတွေကို ကိုယ်တွယ်ဖို့ စဉ်းစားနိုင်မှာ မဟုတ်ဘူး။ သူက ကျနော်တို့ အခုလိုအပ်နေတဲ့အရာထက် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတယ်” လို့ ဆိုပါတယ်။
သမ္မတရဲ့ အရည်အချင်းမရှိမှုနဲ့ ကာလရှည်တွေးခေါ်မှု မရှိခြင်းကြောင့် ကမ္ဘာ့ကပ်ရောဂါဟာ အမေရိကမှ သက်ဆိုးရှည် နေဦးမယ်လို့် အဆိုတော် John က ယူဆနေပါတယ်။
သူက “အခုသူ့ထက် တာဝန်ယူရတဲ့အပိုင်းမှာ ဆိုးသွမ်းတဲ့လူမရှိတော့ပါဘူး။ ဒါ အမေရိကန်နိုင်ငံ ကြုံတွေ့နေရတာပါ။ ဒါကြောင့် ဒီရောဂါနဲ့ ကမ္ဘာပေါ်မှာ ကျနော်တို့ဟာ သေဆုံးမှုနှုန်းအများဆုံး ဖြစ်နေတာပါ။ သူ့ရဲ့ အရည်အချင်းမရှိမှု၊ အတ္တကြီးမှု၊ အမျှော်အမြင်နည်းမှု၊ နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်တာ မရှိမှုတို့ကြောင့် လတ်တလောတော့ ကျနော်တို့ အန္တရာယ်တွင်းထဲကနေ ထွက်နိုင်မယ်လို့ မယုံကြည်ပါဘူး” လို့ GQ Hype မဂ္ဂဇင်ကို ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် အဆိုတော် John ဟာ ဇနီး Chrissy Teigen၊ ကလေး၂ဦးနဲ့အတူ Lockdown ဆောင်ရွက်ချက် တွေကို လေးစားလိုက်နာနေတယ်လို့လည်းဆိုပါတယ်။ ကံကောင်းလို့ လိုအပ်တဲ့ အရင်းအမြစ်တွေရှိထားကြောင်း၊ ကလေးတွေနဲ့အတူ အပြင်ထွက်လည်ရတာကို ကြိုက်ပေမယ့် အခုတော့ တပတ် ၇ ရက်၊ တရက် ၂၄ နာရီအိမ်မှာ နေရတာကိုလည်း ကြိုက်တဲ့အကြောင်း၊ အခုလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေမှာ အကောင်းဆုံး လုပ်ဆောင်နေကြောင်းလည်း ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
COVID-19 ကာလမှာ အနှေးယာဉ်သမားတွေကို လှူဒါန်းပေးနေတဲ့ တိုင်ရွန်
Birthday Show မှရတဲ့ အလှူငွေများနဲ့ အသက်ရှုစက် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်