မင်းသမီးကြီး Dame Judi Dench ဟာ ၁၀၄ နှစ်ကြာခဲ့ပြီဖြစ်တဲ့ British Vogue မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်အဖြစ် ပါဝင်လာတဲ့ အသက်အကြီးဆုံး အနုပညာရှင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။
အသက် ၈၅ နှစ်အရွယ် မင်းသမီးဟာ အဲ့ဒီမဂ္ဂဇင်း ဇွန်လထုတ်အတွက် ဓာတ်ပုံရိုက်ကူးမှုကို Lockdown မလုပ်မီ ဟိုးအရင်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပြီး အခုတော့ Surrey အရပ်မှာ သီးခြားခွဲထားနေထိုင်နေတယ်လို့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ကြီးမားတဲ့အကြင်နာတရားတွေနဲ့ အခုလိုမျိုး အကျပ်အတည်းကာလကို ကျော်လွှားနိုင်လိမ့်မယ်လို့ လည်း သူက မျှော်လင့်နေပါတယ်။
အော်စကာဆုရမင်းသမီး Dame က Cats ရုပ်ရှင်မှာ သူပါဝင်ခဲ့ရတဲ့ဇာတ်ကောင်နဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ် ရတဲ့ အကြောင်း ဝန်ခံထားပြီး အဲ့ဒီရုပ်ရှင်ထဲမှာ သူဟာ ချုံးချုံးကျ၊ စုတ်ပြတ်နေတဲ့ ကြောင်အိုမကြီးနဲ့ တူနေတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Jane Fonda ကတော့ အသက်အကြီးဆုံးအနေနဲ့ ပါဝင်ခဲ့တဲ့ မျက်နှာသစ်စတားပဲဖြစ်ပါတယ်.
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ ပတ်သက်လို့တော့ မင်းသမီးကြီး Dame Judi က “လူတိုင်းလိုပဲ ဒီလိုအချိန်ကို နားလည်သဘောပေါက်ဖို့ ခက်ခဲနေတယ်လို့ ကျမခံစားရပါတယ်။ ကောင်းတာတခုကတော့ လူတွေက တဦးတည်း ဖြစ်နေတဲ့ တခြားသူတွေရဲ့ အကျပ်အတည်းကို သတိထားမိသွားတယ်။ ကြီးမားတဲ့ အကြင်နာတရားနဲ့ ဒီဟာကို ကျော်လွှားတွန်းလှန်မယ်ဆိုရင် အကောင်းလက္ခဏာ ဆောင်လာမှာပါ” လို့ဆိုပါတယ်။
မင်းသမီးကြီးဟာ COVID-19 ကို ရှေ့တန်းစစ်မျက်နှာကနေ ရင်ဆိုင်နေတဲ့သူတွေအတွက် အနုပညာရှင်တွေပါဝင်တဲ့ ရန်ပုံငွေ ကောက်ခံမှုမှာလည်း ပါဝင်ခဲ့ပါတယ်။
အခုလိုအကျပ်အတည်းကာလအတွင်းမှာ သူကိုယ်တိုင်က ဆိုရှယ်မီဒီယာကို မသုံးပေမယ့် ဆိုရှယ်မီဒီယာ စတား တယောက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ မြေးလေးနဲ့အတူ TikTok အက ကထားတဲ့ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးကို လူပြောများခဲ့ပါတယ်။
ဝေဖန်သူတွေရဲ့ ပြောဆိုမှုတွေ ခံခဲ့ရတဲ့ ‘Cats’ ရုပ်ရှင်နဲ့ ပတ်သက်လို့ မင်းသမီးကြီးက အဲ့ဒီရုပ်ရှင်ကို အစအဆုံး မကြည့်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီရုပ်ရှင်ထဲမှာ ကွန်ပျူတာအထူးပြုလုပ်ချက် ဂရပ်ဖစ်တွေကြောင့် စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။
၁၉၉၅ ခုနှစ်ကစလို့ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာ စပိုင်မာစတာ M အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီးက နောက်တက်လာမယ့် ဂျိမ်းစ်ဘွန်းနေရာမှာ မင်းသမီးတဦးကို လက်လွှဲရိုက်ကူးမယ့်အကြောင်းနဲ့ ပတ်သက်လို့လည်း ထင်ကြေးပေးခဲ့ပါတယ်။ သူက “ဘွန်းဖန်တီးရှင် Ian Fleming ကတော့ ဒီအစီအစဉ်ကို ကြိုက်မှာ မဟုတ်ပါဘူး” လို့ဆိုပါတယ်။
Ref:BBC
You may also like these stories:
သမ္မတဒေါ်နယ်ထရမ့် ကို အရူး လို့ ခေါ်လိုက်တဲ့ အဆိုတော် John Legend
Tom Cruise နဲ့ Elon Musk တို့ပူးပေါင်းပြီး အာကာသထဲ ရုပ်ရှင်ရိုက်မည်
“No Time To Die” ရုပ်ရှင်ကို ၂၀၂၁ အထိ ရွှေ့ဆိုင်းဖွယ်ရှိ