အဆိုတော် ဘန်နီဖြိုးရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ KARROT ကတော့ မကြာခင်မှာ Star Wars နဲ့အတူပူးပေါင်းကာ Collection အသစ်ထွက်ရှိသွားမယ်လို့ ဘန်နီဖြိုးက ကြေညာထားပါတယ်။
“ကျနော် ဒီ Project ကို နှစ်ချီပြီး ကျိတ်စီစဉ်ခဲ့တာ ဒီနေ့တော့ အားလုံးကို ကြေညာဖို့အတွက် အဆင်သင့်ဖြစ်ခဲ့ပါပြီ။ ကျနော့်ရဲ့ကလေးဘဝကတည်းက အစွဲလမ်း အနှစ်သက်ခဲ့ရဆုံး Movie Franchise တခု (တကယ်တော့ ကျနော်တို့အတွက် Movie ဆိုတာထက်ပိုတဲ့ Culture တခု) နဲ့ ကျနော့်ရဲ့ကိုယ်ပိုင် Clothing Brand ဖြစ်တဲ့ Karrot နဲ့ Official Collaboration ဖြစ်ပါတယ်။ အားလုံးလည်း ဒီလောက်ဆို ခန့်မှန်းမိမှာပါ။ Star Wars ပါ” လို့ ဘန်နီဖြိုးက ပြောပါတယ်။
ဒီ Collaboration အတွက် Collection များကိုတော့ ယခုနှစ်အတွင်းမှာ ထွက်ရှိသွားမှာဖြစ်ပြီး မေလ ၄ ရက်နေ့က တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။
“STAR WARS x KARROT ကနေပြီးတော့ ဒီနှစ်အတွင်းမှာ Collection များစွာ ထွက်ရှိသွားမှာဖြစ်တဲ့အကြောင်းကို မေ ၄ ရက်နေ့ Stars Wars Day မှာ တရားဝင်စတင် ကြေညာလိုက်ပါတယ် ခင်ဗျာ” လို့ ဘန်နီဖြိုးက ပြောထားပါတယ်။
ဒီလိုပူးပေါင်းမှုကတော့ မြန်မာနိုင်ငံနဲ့ ပထမဆုံး တရားဝင် ပူးပေါင်းမှုဖြစ်တာကြောင့် အားလုံးကိုလည်း အတူလိုက်ပါဖို့အတွက်လည်း ဘန်နီဖြိုးက ဖိတ်ခေါ်ခဲ့ပါတယ်။
“ကျနော့်ရဲ့အိပ်မက် Collaboration တခုလည်းဖြစ်သလို မြန်မာနိုင်ငံရဲ့ ပထမဆုံး တရားဝင် Star Wars နဲ့ ပူးပေါင်းမှုလည်းဖြစ်တဲ့ ဒီ Star Wars x Karrot ခရီးစဉ်မှာ အားလုံးကိုလည်း အတူလိုက်ပါခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ဘန်နီဖြိုးက ဆိုပါတယ်။
အဆိုတော် ဘန်နီဖြိုးကတော့ Karrot နာမည်နဲ့ အဝတ်အစားများ ၊ အသုံးအဆောင်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေတာ အခုဆိုရင် ၅ နှစ်တာ ကာလရှိနေပြီဖြစ်ပြီး ဆက်လက်ပြီးတော့လည်း အသစ်အဆန်းတွေ ဖန်တီးသွားဦးမယ်လို့ သိရပါတယ်။
ဘန်နီဖြိုးက ဂီတလှုပ်ရှားမှုအနေနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက စိုင်းစိုင်းခမ်းလှိုင် ဖန်တီးရေးသားထားတဲ့ “ကမ္ဘာမြေသီချင်း” မှာ ပါဝင်သီဆိုခဲ့ပြီး ဒီကနေ့မှာတော့ ပြီးခဲ့တဲ့နှစ်က သူ သီဆိုခဲ့တဲ့ “ချယ်ရီ” ဆိုတဲ့ သီချင်းရဲ့ Music Video ကို တင်ပေးထားတာ တွေ့ရပါတယ်။
You may also like these stories:
COVID-19 ကာလမှာ အနှေးယာဉ်သမားတွေကို လှူဒါန်းပေးနေတဲ့ တိုင်ရွန်
Birthday Show မှရတဲ့ အလှူငွေများနဲ့ အသက်ရှုစက် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်
ကြံရည်ရောင်းတဲ့ Rap ဝါသနာရှင်ကို သီချင်းပေးဆိုခဲ့တဲ့ ယုန်လေး