COVID -19 Positive တွေ့ရှိခဲ့တာကြောင့် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှု ခံယူလျက်ရှိတဲ့ အဆိုတော် နီတာကတော့ ပုံမှန်ဆေးစစ်ချက် အဖြေအရ Negative ၂ ခါဖြစ်တာကြောင့် ယခုရက်ပိုင်းအတွင်း ဆေးရုံကဆင်းဖို့အတွက် ပြင်ဆင်ရတော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အဖြေကတော့ ဒီညမှ အတိအကျ သိရမယ်။ ကျနော်ကတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်။ Facilities Quarantine ဝင်ဖို့အတွက်ကို ပြင်ဆင်ထားရမယ်။ ဒီနေ့မဟုတ် မနက်ဖြန် ဆေးရုံကနေ ဆင်းပြီးတော့ နေရာရွှေ့ရမှာပေါ့။ နေရာရွှေ့ပြီးတော့ အဲဒီမှာ Quarantine ၂ ပတ် ဝင်ရမယ်။ ပြီးသွားရင် Home Stay တပတ် ထပ်နေရမယ်။ အဲဒါပြီးမှပဲ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်အတိုင်း ထွက်လို့ရတဲ့အချိန်မှ ထွက်မှာပါ” လို့ နီတာက ပြောပါတယ်။
ဆေးရုံတက်တဲ့အချိန်မှ စတင်ပြီး ယနေ့အချိန်ထိ ဆေး ၄ ကြိမ်စစ်ခဲ့တဲ့ အဖြေမှာ Positive ၂ ခါနဲ့ Negative ၂ ခါထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်က မတ် ၁၇ ရက်နေ့မှာ Positive စဖြစ်တယ်။ ပြီးတော့ ၂၇ ရက်နေ့မှာ ကျနော်ဆေးတခေါက်ပြန်စစ်ရတယ်။ ပြန်စစ်တဲ့အဖြေက Positive ထွက်တယ်။ Positive အဖြေက ၂ ကြိမ် ထွက်တယ်ပေါ့။ ပြီးတော့ ၃ ရက်နေ့ တခေါက်စစ်တယ်။ Negative ထွက်တယ်။ ပြီးတော့ ၆ ရက်နေ့မှာထပ်ပြီး ဆေးထပ်စစ်တယ်။ အဲ့မှာ Negative ဖြစ်တာကို ဒီနေ့ မနက်မှာ သိရတာပါ” လို့ နီတာက ပြောပါတယ်။
ဆေးကုသမှုခံယူဖို့အတွက် ရောက်ရှိခဲ့စဉ်ကတည်းက ဆရာဝန်များရဲ့လမ်းညွှန်ချက်ကို တိတိကျကျလိုက်နာခဲ့တာကြောင့် အဖြေကောင်းထွက်တယ် ထင်တဲ့အကြောင်းလည်း ပြောပြခဲ့ပါတယ်။
“Negative ၂ ကြိမ် ဖြစ်တဲ့အပေါ်မှာတော့ အရမ်းဝမ်းသာတာပေါ့။ အခုလည်း မျှော်လင့်ထားတယ်။ နောက်တခုက ကျနော်က ဆေးကုသမှု ခံယူဖို့ရောက်လာကတည်းက ဆရာဝန်၊ ဆရာမတွေ ပြောတဲ့ဟာကို တိတိကျကျ လိုက်နာတယ်။ ပြီးတော့ နောက်ထပ်မိတ်ဆွေတွေ ပြောတဲ့၊ ကောင်းတဲ့အရာတွေ ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားတဲ့ဟာတွေကို ကြိုးစားပြီးတော့ လိုက်နာတယ်”
“ဆားရည်နဲ့ ပါးလုတ်ကျင်းတာကအစ၊ ရေနွေးသောက်တာတို့၊ အားရှိအောင် ငှက်သိုက်တို့ ကြက်ပေါင်းတို့ သောက်တာတွေကအစ ထမင်းဆိုလည်း အချိန်နဲ့ စားတယ်။ အဲ့လိုမျိုး ကြိုးစားပြီးတော့ ဖြတ်သန်းတာပေါ့။ အဲဒါကြောင့်လည်း အဖြေကောင်း ပြန်ရတယ်လို့ ထင်ပါတယ်” လို့ နီတာက ပြောပါတယ်။
မိသားစုဝင်များထဲမှာလည်း ရောဂါပိုးကူးစက်တဲ့သူ မရှိခဲ့တာကြောင့် တော်တော်လေး ကျေနပ်ဝမ်းသာမိပြီး မိခင်ဖြစ်သူကတော့ စိတ်ပူလျက်ရှိတယ်လို့ ဆိုပါတယ်။
“စိတ်ပူတာကတော့ ကျနော့်အမေက ပိုစိတ်ပူတာပေါ့။ အသက် ၇၃ နှစ်ထဲမှာဆိုတော့ သူက စိတ်ပူတယ်။ ကျနော်ကကျတော့ သူ့ကို ပိုစိတ်ပူတယ်။ Quarantine မဝင်ခင် ၅ညက အမေနဲ့ တခြင်ထောင်ထဲ အိပ်ခဲ့တာကို။ အဲ့တုန်းက ပိုးရှိတယ်မရှိဘူးဆိုတာလည်း မသိသေးဘူးလေ။ ရိုးရိုးဖျားတယ်ပဲ ထင်တာပေါ့။ Positive ဖြစ်တာနဲ့ စိုးရိမ်တာက အမေ့ကို ကူးသွားမှာ အရမ်းစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ တော်တော် အဆင်ပြေပါတယ်။ အမေရော၊ ကျနော့်မိသားစုတွေရော မကူးပါဘူး။ အဲဒါတော့တော်တော်လေး စိတ်ထဲမှာတော်တော်လေး ကျေနပ်တယ်။ ဝမ်းသာတယ်” လို့ နီတာက ပြောပါတယ်။
ဆက်လက်ပြီး “ကျနော်ကတော့ စိတ်ဓာတ်တော့ မကျဘူး။ ဆေးရုံကိုလည်း ကိုယ်က အရင်ဆက်သွယ်ပြီးသွားခဲ့တာဆိုတော့ အကောင်းဆုံးအဖြေရော၊ အဆိုးဆုံးအဖြေရောကို မျှော်လင့်တာထက်ကို ရင်ဆိုင်မယ်ပေါ့။ ဘယ်လိုအဖြေလာလာ ကိုယ်ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကို တွေးထားတယ်”
“ ကျနော့်မှာလည်း သမီးလေး ၂ယောက်ရှိတော့ သူတို့ကို စိတ်ပူတယ်။ အငယ်လေးက ၄ နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ ကျနော်အိမ်မှာ အခန်းသပ်သပ် ခွဲနေတော့လည်း သူကဖအေ သောက်ဖို့ ရေဖြည့်ပေးတာတို့၊ ဖအေကိုချစ်တော့ လာလာဖက်နမ်းနေတော့ သူကူးမှာကိုအရမ်းပဲ စိုးရိမ်တယ်။ ဒါပေမဲ့ ဆေးစစ်တဲ့အဖြေက Negative ဆိုတော့ ဝမ်းသာရပါတယ်” လို့ ပြောပါတယ်။
You may also like these stories:
တခြား အနုပညာရှင်တဦးကနေ COVID-19 ကူးစက်ခဲ့တာလို့ မင်းသား Idris Elba ပြော
နေပြည်တော် COVID-19 အတည်ပြုလူနာ တတိယအကြိမ် စစ်ဆေးပြီးပါက အိမ်ပြန်ခွင့်ရမည်