ပေါ့ပ်ဘုရင်မ မက်ဒေါနားက COVID -19 ကပ်ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပဲရစ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တဲ့ ဖျော်ဖြေပွဲတခုကို ဖျက်သိမ်းခဲ့ရတာ ဖြစ်တယ်လို့ မေလ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူဟာ ဖျားနာမှု မရှိဘူးလို့လည်း ဆိုပါတယ်။
အဆိုတော် မက်ဒေါနားဟာ Antibodies ထွက်ရှိနေတယ်လို့ စမ်းသပ်တွေ့ရှိခဲ့ရလို့ COVID-19 ကူးစက်ခံခဲ့ရတာကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။
Instagram မှာ သူက “ကျမ လက်ရှိမှာ ဖျားနာမှု မရှိပါဘူး။ တကယ်လို့ Antibodies စမ်းသပ်တွေ့ရှိရမယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ဆိုလိုတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် ၇ ပတ်လောက်တုန်းက ပဲရစ်မြို့မှာရှိတဲ့ နယ်လှည့်ပွဲ အဆုံးသတ်မှာ ကျမ ဖျော်ဖြေပွဲမှာ ပါဝင်တဲ့ တခြားအနုပညာရှင်တွေနဲ့အတူ ဖျားခဲ့ပါတယ်” လို့ ၁၅ သန်းရှိတဲ့ သူ့ရဲ့ Follower တွေကို ပြောဆိုခဲ့ပါတယ်။
အသက် ၆၁ နှစ်အရွယ် အဆိုတော် ဖေဖော်ဝါရီ ၂၂ ရက်နေ့က Grand Rex မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိနေလို့ဆိုပြီး သီချင်းတပုဒ်သာ ဖျော်ဖြေခဲ့ပြီးတဲ့နောက် နောက်ထပ် လုပ်မယ့် ဖျော်ဖြေပွဲတပွဲကို ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် ပြင်သစ်အာဏာပိုင်တွေက မတ်လအစောပိုင်းမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးဖို့အတွက် လူစုလူဝေး ပြုလုပ်ခွင့်ကို ပိတ်ပင်လိုက်တာကြောင့် သူ့ရဲ့ Madame X ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ နောက်ဆုံး ကျန်ရှိတဲ့ ပဲရစ် ဖျော်ဖြေပွဲ၂ ပွဲကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။
အဆိုတော်က “အဲ့ဒီအချိန်တုန်းက ကျမတို့က တော်တော်ဆိုးရွားတဲ့ အအေးမိရောဂါ ရတယ်လို့ပဲ ထင်ခဲ့ကြတာ။ ကျမတို့ အားလုံး အခုအခြေအနေ ကောင်းပြီး ကျန်းမာနေကြတာ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေဟာ လူတယောက် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်ဆိုတာကို ပြသနိုင်မယ့် Antibody စမ်းသပ်မှုတွေရဲ့ တိကျမှုအပေါ် သံသယ ရှိနေကြပါတယ်။ တချို့တွေကတော့ အမေရိကန်အစိုးရဲ့ အလွတ်သဘော စံနှုန်းတွေနဲ့ လုပ်ဆောင်တဲ့ တချို့စမ်းသပ်မှုတွေမှာ စစ်ဆေးချက် အမှားတွေကို ထုတ်လုပ်ပေးနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။
မက်ဒေါနားဟာ ကိုရိုနားဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေဖို့ သုတေသနလုပ်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ သန်း လှူဒါန်းခဲ့တဲ့အကြောင်း သတင်းဆောင်းပါးကို မျှဝေခဲ့ပြီးနောက် အခုလိုမျိုး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ အကြောင်း ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။
Ref: straitstimes
You may also like these stories:
British Vogue မှာ အသက်အကြီးဆုံး မျက်နှာဖုံးရှင်ဖြစ်လာတဲ့ Dame Judi Dench
သမ္မတဒေါ်နယ်ထရမ့် ကို အရူး လို့ ခေါ်လိုက်တဲ့ အဆိုတော် John Legend
ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်လာတဲ့ “World of the Married” ဒရာမာ