Entertainment

"အားတင်းထား ရန်ကုန်" သီချင်းကို အိမ်မှာပဲ အသံသွင်း သီဆိုခဲ့တဲ့ တင်ဇာမော်

Want create site? Find Free WordPress Themes and plugins.

“အားတင်းထား ရန်ကုန်” သီချင်းကို အိမ်ကနေပဲ ဖုန်းနဲ့ အသံသွင်းပြီး၊ သီချင်းတပုဒ်ကို သီဆို ဖန်တီးခဲ့တဲ့အကြောင်း အဆိုတော် တင်ဇာမော်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“အားတင်းထား ရန်ကုန်သီချင်းကို မောင်လေး ထိန်လင်းက ရေးပေးတယ်။ သူရေးထားတဲ့ သီချင်းလေးကို နားထောင်ပေးပါဆိုပြီး ပို့လာတယ်။ ကျမ နားထောင်တော့ “ကောင်းတယ် မောင်လေး”လို့ ပြောလိုက်တယ်။ အဲ့တော့ သူက “အစ်မ ဆိုချင်ဆိုပါ၊ ကျနော် လက်ဆောင်ပေးပါတယ်” ဆိုတော့ ကျမလည်း ဝမ်းသာတယ်။ သီချင်းလေးလည်း ကြိုက်တယ်”

“ကိုယ်တိုင်လည်း COVID-19 နဲ့ ပတ်သက်တဲ့ သီချင်းလည်း မလုပ်ရသေးဘူး။ အဲ့ဒါနဲ့ ဒီသီချင်းလေးကို ယူလိုက်တယ်။ သူဆိုထားတဲ့ အကြမ်းလေးကို မန္တလေးက ကိုဘိုဆန်းကို ပို့လိုက်တယ်။ သူကလည်း တီးပေးမယ်ပြောပြီး သူ့ စတူဒီယိုမှာပဲ သူတီးလိုက်တယ်။ ကျမ အဲ့တီးတာကို နားထောင်တယ်။ နောက် ဖုန်းတလုံးနဲ့ အသံသွင်းတယ်”

“ဟာမိုနီလိုက်ပေးတဲ့ ကလေးတွေကလည်း အခုမှ စဖွဲ့လိုက်တဲ့ The Vowel လို့ပေးထားတယ်။ သူတို့က ကြိုးစားတယ်။ စိတ်အားထက်သန်မှုလည်းရှိလို့ သူတို့ကို ဟာမိုနီ ပေးလိုက်ခဲ့တာပါ။ သူတို့လည်း ဖုန်းနဲ့ပဲ သွင်းခဲ့တယ်။ ကျမတို့ အားလုံးပြီးချိန်မှာ သီချင်းလေးပေါ်မှာ ကျေနပ်ကြတယ်။ အပြင်မှာ မတွေ့၊ မထိကြဘဲ ကိုယ့်အိမ်ထဲမှာပဲ သီချင်းတပုဒ်ကို ဖန်တီးလိုက်နိုင်တယ်ဆိုတဲ့ ပျော်စရာ အရသာလေးက ဘာနဲ့မှ လဲလို့မရပါဘူး”လို့ တင်ဇာမော်က ပြောပါတယ်။

“အားတင်းထား ရန်ကုန်” သီချင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က အသိအမှတ်ပြု အားပေးဂုဏ်ပြုစကားကို Facebook မှာ တင်ခဲ့တာကြောင့် ကျေးဇူးတင်သလို ဝမ်းလည်းသာတယ်လို့ တင်ဇာမော်က ပြောပါတယ်။

“ဒီသီချင်းလေးကို နားထောင်ပြီး ကြိုက်ကြတယ်။ အားဖြစ်တယ်ဆိုရင်ကို ကျမတို့တွေ ကျေနပ်ပါတယ်။ ဒီသီချင်းလေးကြောင့် အလှူငွေတွေလည်း ရတယ်။ အဲ့ကရတဲ့ အလှူငွေတွေကိုလည်း အသင်းအဖွဲ့ကို လှူဖို့ စီစဉ်နေပါတယ်။ တင်လိုက်တဲ့နေ့မှာပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အားပေးစကား ဂုဏ်ပြုစကားလေးတွေ ပြောတယ်။ ဒီသီချင်းလေးကို သူ့ရဲ့ Page မှာ Share ပေးတယ်”

“အဲ့အတွက် ကျမတို့အားလုံးက ကျေနပ်ကြတယ်။ ဝမ်းသာကြတယ်။ အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ အားလုံးလည်း ကျေးဇူးတင်ပါတယ်။ အခုလိုချိန်မှာ အပြင်ကို လိုအပ်လို့ မဖြစ်မနေ ထွက်ရတဲ့သူတွေ ရှိတယ်။ ကျမကိုယ်တိုင်လည်း ထွက်နေရတာယ်။ မဖြစ်မနေ ထွက်ရတယ်ဆိုရင် ကိုယ့်ကိုယ်ကို ကာကွယ်ပေးပါလို့ သတိပေးချင်ပါတယ်။ လက်ကို တချိန်လုံးသန့်ရှင်းအောင် ထားပါ”

“ဝမ်းရေးကြောင့် မဖြစ်မနေ အပြင်ထွက်ရတာတွေ ရှိတာပေါ့။ အပြင်ထွက်ရင်လည်း ၃ ပေ ၆ ပေ အကွာကသာ နေပါ။ ပြောရတာသာ လွယ်တာပါ။ တကယ် လက်တွေ့မှာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုတွေလည်း များကြမှာ သိပါတယ်။ အားတင်းထားပါလို့။ အားလုံးကျန်းမာရေးကို မထိခိုက်စေချင်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားပြီး ကာကွယ်မှုတွေ လုပ်ကြပါ”လို့ တင်ဇာမော်က ပြောပါတယ်။

“အားတင်းထား ရန်ကုန်” သီချင်းကို တေးရေး ထိန်လင်းက ရေးသားပေးထားပြီး Audio နဲ့ Music Video ကို မေလ ၆ ရက်မှာ အွန်လိုင်းကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

မကြာခင် ကြည့်ရှုရမယ့် မင်းသား ဆောင်းဂျွန်ကီရဲ့ “Space Sweepers” ရုပ်ရှင်

ပဲရစ်မြို့မှာ COVID-19 ကူးစက်ခံခဲ့ရတဲ့ မက်ဒေါနား

Negative ၂ ကြိမ် ဖြစ်တာကြောင့် ဆေးရုံ ဆင်းရတော့မယ့် အဆိုတော် နီတာ

Did you find apk for android? You can find new Free Android Games and apps.
Loading