ကိုလူချောအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် အောင်ခိုင်ဟာ လူကြမ်းသရုပ်ဆောင် ရန်လေး ကွယ်လွန်သွားတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရသလို သူ့အတွက်ရည်စူးပြီး အလှူလေးလုပ်ပေးဖို့ ရှိတယ်လို့ ဧရာဝတီကို ဆိုပါတယ်။
“အခုက ဘာမှလုပ်ပေးလို့ မရဘူးဖြစ်နေပါတယ်။ ရန်လေး ဆေးရုံတင်တာကို သိတယ်။ ရန်လေးက ဦးအောင်ခိုင်တို့ရဲ့ ကိုလူချောအဖွဲ့ဝင် မဟုတ်တော့ဘူး။ သူ့ရဲ့ ဆန္ဒအလျှောက် နုတ်ထွက်သွားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သူဟာ လူကြမ်း သရုပ်ဆောင် တယောက်ဖြစ်တဲ့အတွက် ဦးအောင်ခိုင်တို့ အဖွဲ့အနေနဲ့ ဘာလုပ်ပေးရင် ကောင်းမလဲဆိုပြီးတော့ ဆေးရုံကို သွားတဲ့အခါမှာ ဆေးရုံပေါ်ကို တက်လို့ မရခဲ့ဘူး”
“လူနာစောင့်တွေတောင်မှ တယောက်ပဲ နေလို့ ရတာလို့ သိရပါတယ်။ အခု ကွယ်လွန်သွားတဲ့အချိန်မှာလည်း နာရေးနဲ့ ပတ်သက်ပြီးတော့ ဘာလုပ်လို့ရမလဲလို့ မေးလိုက်တဲ့အချိန်မှာ စည်ပင်ကနေပြီးတော့ ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီတဲ့။ အဲဒီအတွက် ဘာမှ လုပ်ပေးဖို့ အချိန် မရလိုက်ပါဘူး။ ကျနော်တို့ သူ့အသက် ဘယ်လောက်မှန်းကို မသိဘူး”လို့ ဆိုပါတယ်။
ဆက်လက်ပြီး အောင်ခိုင်က ကွယ်လွန်သူ ရန်လေးအတွက် အလှူလုပ်ပေးမယ်လို့လည်း ဆိုပါတယ်။
“လူကြမ်းတယောက်အနေနဲ့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူ့အတွက်လည်း ရည်စူးပြီး အလှူလေး လုပ်ပေးဖို့ရှိ တယ်။ သူက ဆေးရုံ စတင်တဲ့အချိန်မှာ အဖျားက ၁၀၂ လောက် ရှိတယ်တဲ့။ ပြီးတော့ ၁၀၃၊ ၁၀၄ တို့ အထိ ဖြစ်သွားတယ်။ ဆုံးတာတောင်မှ ဦးအောင်ခိုင်တို့ သတင်းချက်ချင်း မရပါဘူး။ လေဖြန်းသွားတယ်လို့လည်း သိရတယ်။ သူက အရက်ဖြတ်လိုက်တယ်လို့လည်း သိရတယ်။ အဲဒီအခါကျတော့ ကိုယ်ခံအားနည်းတာ ဖြစ်သွားတာပေါ့”
“အဓိကကတော့ ဆေးရုံကြီးမှာ သူ့ရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်တဲ့အခါ သူနေတဲ့ အဆောင်ကလူတွေအတွက်၊ ရပ်ကွက်ထဲ၊ လမ်းထဲက လူတွေ အတွက် ကုသိုလ်တခု ကောင်းသွားတာက သူဟာ COVID-19 ရောဂါပိုး လုံးဝ မရှိဘူးဆိုတဲ့ အဖြေထွက်လာတယ် ”လို့ အောင်ခိုင်က ပြောပါတယ်။
အဆိုတော် ယုန်လေးကလည်း လူကြမ်းသရုပ်ဆောင် ရန်လေးအတွက် ဆေးကုဖို့ ကူညီခဲ့ပေးခဲ့ပြီး ဒီငွေဟာ အခုချိန်မှာ ကူငွေ ဖြစ်သွားတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။
“သူနဲ့ အရင်တုန်းကဆုံတယ်။ ကျနော် အရင်ဇာတ်ကားတွေမှာ ထည့်ရိုက်တယ်။ နောက်ပိုင်းကားတွေမှာ သူမပါတော့ဘူး။ သူနဲ့ တရုတ်တန်းမှာ တွေ့တော့ ခေါ်ပြီး ရိုက်လိုက်တယ်။ အရီးက ကျနော်ကို ကိုမင်းသွေးအင်္ကျီတွေ လှူခိုင်းထားတာရှိလို့ ကျနော်ကားမှာပါတဲ့ လူကြမ်းတွေ လှူခဲ့တယ်။ ကျနော်တို့ ဆီမှာ ကိုဗစ်တောင် မဖြစ်သေးဘူး။ Dragon empire က သူ့နဲ့ရိုက်တဲ့ နောက်ဆုံးကားပေါ့”
“သူလေဖြတ်တယ်လို့ ကြားတော့ ကိုဇော်ဇော်အောင်ကို ဆေးကုဖို့ လှူပေးလိုက်တာ ကူငွေလေး ဖြစ်သွားတယ်။ တော်တော်စိတ်မကောင်းဘူး။ ကိုရန်လေး သူ့အကြောင်းတွေ ပြောချိန်မှာ ကိုယ်ချင်းစာတယ်။ ကျနော်လိုက်လှူတော့မှ တွေ့ရတဲ့ ဘဝတွေ အများကြီးရှိတယ်။ အဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်”လို့ ယုန်လေးက ပြောပါတယ်။