COVID-19 ကာလ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်နေတဲ့ တနေ့လုပ်တနေ့စားနေရတဲ့သူများအတွက် ငွေကြေးထောက်ပံ့မယ့်အစီအစဉ်တခုကို ဇဏ်ခီကဦးဆောင်ပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူမှုကူညီရေးအစီအစဉ်လေးအကြောင်းကို ပြောပြချင်ပါတယ်။ အဲ့အစီအစဉ်လေး အိုင်ဒီယာရတော့လည်း ခရစ္စကိုအရင်ဆုံးပြောပြတဲ့အချိန်မှာ သူလည်း အရမ်းသဘောကျတယ်။ သူလည်းဒီအချိန်မှာ ကျနော့်ကိုအများကြီးပံ့ပိုးမှုတွေပေးနေတယ်။ အကူအညီပေးနေတယ်။ ဒီဟာလေးဖြစ်မြောက်သွားဖို့အရေးကိုပေါ့”
“ အခုတော့ ဒီအစီအစဉ်လေးက Run နိုင်ဖို့အတွက်အနေအထားတခုတော့ ရောက်လာပါပြီ။ အစီအစဉ်ရဲ့ ခေါင်းစီးကတော့ FCPN လို့ပေးထားပါတယ်။ Free Cash Program for the Needy ပေါ့နော်” လို့ ဇဏ်ခီက ဆိုထားပါတယ်။
ငွေရေးကြေးရေးကြပ်တည်းနေတဲ့ လူတွေအနေနဲ့ ဒီအစီအစဉ်ကို ဆက်သွယ်လာမယ်ဆိုရင်တော့ ဆက်သွယ်လာသူ တိုင်းကို ငွေကျပ် ၁သောင်းပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်ရဲ့အဓိကလုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုရင် ကျနော်တို့ COVID-19 Lockdown ကာလတွေမှာ ငွေရေးကြေးရေးအရမ်းကို အခက်အခဲဖြစ်နေတဲ့သူတွေ အသက်ရှုကျပ်ပြီးလုံးဝကို ငွေပြတ်တောင်းလုနီးပါး ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ်လည်း ငွေပြတ်တောက်နေတဲ့သူတွေအတွက် ကူညီပေးမယ့်အစီအစဉ်ပါ။ သူတို့က ကျနော်တို့ကိုဆက်သွယ်လာရင် ဆက်သွယ်လာသူတိုင်းကို ကျနော်တို့က ငွေ ၁သောင်းပို့ပေးမယ်ပေါ့။ အဲ့လိုမျိုးစီစဉ်ထားပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။
ဒီအစီအစဉ်အတွက် စိတ်ကူးစရတဲ့အချိန်မှာတော့ ဇဏ်ခီက ငွေကျပ်သိန်း ၅၀ ကိုလူအယောက် ၅၀၀ ကို ပို့ပေးမယ်လို့ စီစဉ်ခဲ့ပေမယ့် သိန်း ၅၀ ကုန်သွားရင်ရပ်သွားမှာ မလိုလားတဲ့အတွက် ဒီငွေများကိုမတည်ကာအလှူရှင်များကိုဖိတ်ခေါ်ပြီး လှူဒါန်းသွားဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“အစကတော့ ကျနော်နဲ့ ခရစ္စနဲ့တိုင်ပင်ပြီး ကျနော်တို့တတ်နိုင်တဲ့ ပမာဏလေးပေါ့။ ကျနော်တို့ဘယ်လောက်ထိ ပေးနိုင်မလဲဆိုတာလေး တွက်တဲ့အချိန်မှာ ကျနော်တို့သိန်း ၅၀ တတ်နိုင်တယ်ပေါ့။ သိန်း ၅၀ ထည့်ပြီးတော့လူအယောက် ၅၀၀ ပို့မယ်ဆိုပြီးတော့စစီစဉ်တယ်”
“ ဒါပေမယ့် ဒီ သိန်း ၅၀ ပြီးသွားရင် ကုန်သွားမှာကိုမလိုလားဘူး။ အဲ့တော့ ကျနော်ဘယ်လိုပြန်ပြောင်းတွေးလဲဆိုတော့ တကယ်လို့ကျနော်တို့လုပ်မယ့်ပုံစံကို လုပ်မယ့်အလုပ်ကို သဘောကျတဲ့သူ သဘောတူတဲ့သူတွေလှူချင်တယ်ဆိုရင် ကျနော်တို့ အလှူငွေတွေနဲ့မတည်မယ်ဆိုရင် ဒီအစီအစဉ်လေးကပိုပြီးတော့ ရေရှည်လည်းပိုပြီးတော့လုပ်နိုင်မယ်။ လည်ပတ်နိုင်မယ်။ လိုအပ်နေတဲ့သူတွေလည်း များများစားစားရမယ်ဆိုပြီးတော့ အိုင်ဒီယာပြောင်းပြီးတော့ Doner Base ပုံစံနဲ့ပြောင်းထားတယ်” လို့ ဇဏ်ခီကပြောပါတယ်။
ကိုယ်တိုင်လည်း ပိုက်ဆံမရှိတဲ့အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ဖူးတာကြောင့် ငွေကြေးထောက်ပံ့တဲ့အစီအစဉ်ကို အကောင်အထည်ဖော်ရတာဖြစ်ပြီး အခုဆိုရင်အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
“ပိုက်ဆံလက်ထဲမှာ တပြားမှမရှိတော့တဲ့အခြေအနေမျိုးကို ကိုယ်တိုင်ရောက်ဖူးတော့သိတယ်။ ကျနော်နဲ့ခရစ္စဆိုရင် မြန်မာပြည်ပြန်လာပြီးတော့ ဘယ်လောက်ထိအခြေအနေဆိုးလဲဆိုရင် မြန်မာငွေကျပ် ၅၀ ပဲကျန်တဲ့အထိကို အခြေအနေ ရောက်ဖူးတယ်ဆိုတော့ ဒီအသက်ရှုကျပ်မှုကြီးကို ကောင်းကောင်းသိတယ်။ ဒါကြောင့်မို့လို့ ဒီအစီအစဉ်လေးကို ဖြစ်စေချင်တယ်။ ဖြစ်စေချင်ပြီး အကောင်အထည်ရအောင်ဖော်တယ်။ အဆင်သင့်ဖြစ်နေပါပြီ” လို့ ဇဏ်ခီကပြောပါတယ်။
အကူအညီတောင်းခံတဲ့သူတွေကိုတော့ နောက်ကြောင်းလိုက်တာတွေလုပ်မှာမဟုတ်ဘဲ မှတ်ပုံတင်ကိုရိုက်ထားတဲ့ဓာတ်ပုံ ၊ မှတ်ပုံတင်ထဲမှနာမည် ၊ ဖုန်းနံပါတ်တို့ကိုပို့ပေးရုံနဲ့ Wave Pay နဲ့ငွေလွှဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“ပိုက်ဆံတောင်းခံလိုသူတွေအနေနဲ့ ကိုယ့်ရဲ့မှတ်ပုံတင်ပေါ်မှာရှိတဲ့နာမည်ရယ် ၊မှတ်ပုံတင်ကိုရိုက်ထားတဲ့ပုံရယ်၊ ဖုန်းနံပါတ်ရယ်ပို့ပေးရမှာပါ။ လောလောဆယ်မှာတော့ Wave pay နဲ့လုပ်ဖို့စီစဉ်ထားတယ်။ ဒါနဲ့လွှဲပေးမှာပါ။ ဘာမှနောက်ကြောင်းလိုက်တာတွေ ဘာတွေမရှိပါဘူး။ ဒီလိုအချိန်မှာတော့ ဒါကိုအခွင့်ကောင်းမယူဘူးလို့လည်း တွေးထားပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။
ဒီ Free Cash Program for the Needy အစီအစဉ်ကိုတော့ COVID- 19 ကာလပြီးဆုံးပြီး စီးပွားရေးများ ပြန်လည်လည်ပတ်နိုင်တဲ့အထိ လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး ပါဝင်လှူဒါန်းဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
ငွေကြေးပါဝင်လှူဒါန်းလိုတဲ့အလှူရှင်များအနေနဲ့လည်း FCPN (Free Cash Program for the Needy) Page မှာ ဝင်ရောက်လှူဒါန်းပြီး ဝေမျှပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
You may also like these stories:
အခြေခံ လူတန်းစားတွေကို ထောက်ပံ့မယ့် အစီအစဉ်မှာ သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ နေတိုး
အိန္ဒိယအတွက် ကိုဗစ် ရန်ပုံငွေ ရှာဖွေမှုမှာ ရှာရွတ်ခန် ပါဝင်