စာရေးဆရာဗြိတိသျှကိုကိုမောင်က သူ့ရဲ့လူသိများပြီးသား ကလောင်နာမည်ကိုမသုံးဘဲ “ခက်ဇော်”ဆိုတဲ့နာမည်နဲ့ တခေတ်တခါက ဂန္တဝင်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ်နဲ့ သူ့ရဲ့ဘော်ဒါတွေအကြောင်းကို The Guys of Rangoon ,1930 ဆိုပြီး ရေးသားထားပါတယ်။ အခုအခါမှာ အဲ့ဒီစာအုပ် The Guys of Rangoon ,1930 ကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးဖို့အတွက် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ပုံဖော်ရိုက်ကူးဖို့အတွက် SY Production မှဝယ်ယူခဲ့တာဖြစ်ပါတယ်။
“လမ်းမတော်ဖိုးတုတ်”၊ “ဂန္ဓမာသောင်းရီ” ၊ “ဗိုလ်တထောင်ငမိုး”နဲ့ “စံဘ” တို့ကို ရုပ်ရှင်ပိတ်ကားပေါ်တင်ဖို့ ကျနော်တို့ စတင်ကြိုးစားပါမယ်။ စောင့်မျှော်အားပေးကြပါဦး” လို့ SY Production ကတာဝန်ရှိသူတဦးကပြောထားပါတယ်။
The Guys of Rangoon ,1930 စာအုပ်ကိုတော့ စာအုပ်မထွက်ရသေးခင်အချိန်မှာပင် စာဖတ်ပရိသတ်များက စောင့်မျှော်နေကြတာပါ။ ယခုရုပ်ရှင်ရိုက်ကူးတော့မယ်ဆိုတဲ့ အကြောင်းကြားသိတဲ့ အချိန်မှာလည်း ဇာတ်ကောင်များနေရာမှာ ပါဝင်ကြမယ့် သရုပ်ဆောင်များကို ပရိသတ်များက စိတ်ဝင်စားနေကြပါတယ်။
ဒီစာအုပ်ကိုတော့ စာရေးဆရာခက်ဇော်က COVID-19 ဖြစ်ပွားပြီး အိမ်တွင်းအောင်းနေကြတဲ့ကာလမှာ လူအများအတွက်တတ်နိုင်တဲ့ဘက်မှ ဖျော်ဖြေတဲ့သဘောမျိုးဖြင့် ရေးသားခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းမှာတော့ အပိုင်း ၃၂ ပိုင်းပါရှိပါတယ်။
စာအုပ်အနေနဲ့ထုတ်ဝေမှုကိုလည်း မေလဒုတိယပတ်အတွင်းမှာ ထုတ်ဝေဖို့အတွက် စီစဉ်နေတုန်းမှာပင် ရုပ်ရှင်အဖြစ် ပုံဖော်ဖို့အတွက် ဖြစ်လာခဲ့တာပါ။ စာအုပ်မထွက်ခင်မှာပင် ကြိုတင်မှာယူတဲ့အုပ်ရေ တသောင်းကျော်သွားပြီဖြစ်ပြီး စာအုပ်ကိုတော့ မေလ ၁၈ရက်နေ့မှာ ဖြန့်ချိတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါရိုက်တာဏကြီးက ဆရာမကြီးကြည်အေးရဲ့ “မီ” ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရာမှာ ပရိသတ်များ ရဲ့ ကျေနပ်အားရမှုရှိခဲ့ပြီး အခုရိုက်ကူးမယ့် ဒီဝတ္ထုအတွက်ကိုလည်း ပရိသတ်များက ကြိုတင်အားပေးနေကြပြီဖြစ်ပါတယ်။