တေးရေးထိန်လင်းက “အားတင်းထားရန်ကုန်” သီချင်းကို ရေးသားခဲ့ပြီး ဒီသီချင်းမှာ ရန်ကုန်မြို့ကြီးကို လူသားတယောက်အနေနဲ့ မြင်ပြီး ရေးစပ်ထားတယ်လို့ ဆိုပါတယ်။
“အားတင်းထားရန်ကုန်သီချင်း ရေးဖြစ်တာက ရန်ကုန်မြို့ကြီးကို လူသားတယောက်လို့ မြင်လိုက်တာပေါ့။ သူအထီးကျန် နေတယ်။ သူနားမှာ ဘယ်သူမှမရှိတော့ဘူး။ ဝမ်းမနည်းနဲ့ အားမငယ်နဲ့ တချိန်မှာ ပြီး သွားမှာပါ။ ပြီးသွားရင် တက်တက်ကြွကြွနဲ့ ဖြတ်သန်းကြမယ်ဆိုတဲ့ ပုံစံမျိုးရေးထားတယ်”လို့ တေးရေးထိန်လင်းက ဧရာဝတီကို ဆိုပါတယ်။
ဒီသီချင်းကို အွန်လိုင်းမှာ တင်ထားတာဖြစ်ပြီး သီချင်းကို သီဆိုခဲ့သူကတော့ အဆိုတော်တင်ဇာမော်ပါ။
“ ဒီသီချင်း ကနေရတဲ့ ပိုက်ဆံတွေလည်း အကုန်ပြန်လှူကြမှာ လို့သိရတော့ ဂုဏ်ယူဝမ်းသာမိပါတယ်။ မတင်ဇာမော်ကို ပေးဆိုဖြစ်တာကလည်း ကျနော်က အစ်မရဲ့ပရိသတ် လို့ပြော ရမယ်။ကျနော်ဆိုထားတာကို အစ်မကို ပေးနားထောင်ခိုင်းတော့ အစ်မကကောင်းတယ်မောင်လေး ဆိုတော့ ပျော်သွားတယ်”
“အစ်မကြိုက်ရင် အစ်မကို လက်ဆောင်ပေးပါမယ်ပြောတော့ အစ်မကလည်း လက်ခံတယ်။ အဲ့တော့ အရမ်းပျော်သွား တယ်။ ကျနော်က ပရော်ဖက်ရှင်နယ် တေးရေးတော့မဟုတ်ပါဘူး။ ဒီသီချင်းကို ဝိုင်းဝန်းဖန်တီးကြတဲ့ သူတွေကသာ ပရော်ဖက် ရှင်နယ်တွေပါ။ အကုန်လုံးကိုလည်းကျေးဇူးတင်သလို နားထောင်ပေးတဲ့ ပရိသတ်တွေကို လည်းကျေးဇူးတင်ပါတယ်”လို့ ထိန်လင်းက ပြောပါတယ်။
“အားတင်းထားရန်ကုန်” သီချင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သူရဲ့ ဖေ့စ်ဘုတ်အကောင့်မှာလည်း Share ပေးတာကြောင့် သီချင်းနဲ့ ပတ်သက်တဲ့ သူအကုန်လုံးကို ဂုဏ်ယူတယ်လို့ဆိုပါတယ်။
“အားတင်းထားရန်ကုန်ဆိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ ဦးဖြိုးမင်းသိန်းအနေနဲ့လည်း ကျနော်တို့ သီချင်းကို Share ပေးတာလည်း အင်အားဖြစ်အောင် Share ပေးတယ်ထင်ပါတယ်။ မတင်ဇာမော်ကနေစပြီး ပါဝင်တဲ့ သူအကုန်လုံးအတွက် ဂုဏ်ယူတယ်”
“အခုချိန်မှာ ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ လက်အိတ်တွေ Hand Gelတွေလည်း သုံးကြပါ။ တယောက်နဲ့ တယောက် လည်း ၃ပေအကွာ ၆ပေအကွာကနေပေးပါ။ ဒီကာလကြီးကို ကျနော်တို့ အားလုံး အားမလျော့ကြပါနဲ့။ အားတင်းထားပြီး ဖြတ်သန်းကြပါမယ်။ အာလုံးပဲပျော်ပျော်ရွှင်ရွှင် နဲ့ တနေ့မှာ တနိုင်ငံလုံး ပုံမှန်လည်ပတ်တဲ့ အခြေအနေကို ပြန်ဖြစ် လာမယ်လို့ ယုံကြည်ပါတယ်။ အားလုံး ဂရုစိုက်ကြပါ ”လို့ ထိန်လင်းကပြောပါတယ်။
“အားတင်းထား ရန်ကုန်” သီချင်းကို တေးရေး ထိန်လင်းက ရေးသားပေးထားပြီး Audio နဲ့ Music Video ကို မေလ ၆ ရက်မှာ အွန်လိုင်းကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။