စတန့်အမျိုးသမီး သေဆုံးခဲ့လို့ "Deadpool 2" ထုတ်လုပ်သူ ဒေါ်လာ ၃ သိန်း ဒဏ်တပ်ခံရ
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စတန့် အမျိုးသမီး Joi Harris သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘေးကင်းလုံခြုံမှုကို ချိုးဖောက်ခဲ့တဲ့ အတွက် Deadpool 2 ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဟာ ဒေါ်လာ ၃ သိန်းနီးပါး ဒဏ်တပ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ် Harris ဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင် စတန့်ပြကွက် ရိုက်ကူးနေတဲ့အချိန် ဖန်ပြတင်းပေါက်ပေါ်မှာ မော်တော်ဆိုင်ကယ် စီးနင်းနေစဉ် အဲ့ဒီဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ရှိတဲ့ ရိုက်ကွင်းမှာ မင်းသမီး Zazie Beetz အတွက် ကိုယ်စား သရုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် WorkSafeBC အေဂျင်စီက Harris အတွက် ဘေးကင်းတဲ့ လုပ်ငန်းခွင် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိတဲ့အတွက် TCF Vancouver Productions လိမိတက်အပေါ် ဒဏ်ငွေ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ မော်တော်ဆိုင်ကယ်စီးနင်းသူ Harris ဟာ ရိုက်ကွင်းမှာ စီစဉ်ထားတဲ့ ရပ်ဆိုင်းအမှတ်ကို ကျော်လွန်ပြီး ဆက်လက် မောင်းနှင်နေခဲ့ရာကနေ ကွန်ကရစ် အတားအဆီးနဲ့ တိုက်မိခဲ့ပြီး အဆောက်အဦပေါ်ကနေ လွင့်ကျလို့ သေဆုံးခဲ့တာဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ သေဆုံးမှုဟာ မျှော်လင့်မထားတဲ့ မတော်တဆမှုသာဖြစ်တယ်လို့ စုံစမ်းရေး အဖွဲ့က တွေ့ရှိထားပါတယ်။
သေဆုံးသူ Harris ဟာ Beetz ရဲ့ ဇာတ်ကောင် Domino ကလည်း ရိုက်ကွင်းပေါ်မှာ ဘေးကင်းလုံခြုံရေး ခေါင်းဆောင်းကို ဝတ်မထားခဲ့တာကြောင့် သူလည်း ဝတ်ဆင်ခဲ့ခြင်း မရှိဘဲ ပြုတ်ကျတဲ့ ဒဏ်နဲ့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှု အသစ်ပြုလုပ်ချက်အရ အဲ့ဒီထုတ်လုပ်ရေး ကုမ္ပဏီဟာ လုပ်သား နစ်နာကြေးအက်ဥပဒေ၊ အလုပ်အကိုင်ဆိုင်ရာ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ WorkSafeBC က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအေဂျင်စီမှ ကိုယ်စားလှယ်တဦးက “စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ကနဦးရည်ရွယ်ချက်ဟာ အလုပ်ရှင်တွေ အနေနဲ့ ပြစ်ဒဏ်ကို လက်ခံဖို့နဲ့ တခြားအလုပ်ရှင်တွေအနေနဲ့လည်း သူတို့ရဲ့ လုပ်ငန်းခွင် လုံခြုံမှုကို ထိန်းသိမ်းဖို့၊ အလုပ်ဆိုင်ရာ ကျန်းမာရေးဘေးကင်းလုံခြုံမှုတွေကို လိုက်နာဖို့ဖြစ်တယ်” လို့ ဆိုပါတယ်။
အဲ့ဒီ စတန့်အဖွဲ့ထဲ မဝင်ခင်မှာ Harris ဟာ အမေရိကန် မော်တော်ဆိုင်ကယ်စီးနင်းသူများ အသင်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ လိုင်စင်ရခဲ့တဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ “Deadpool 2” ရုပ်ရှင်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလတုန်းက ရုံတင်ခဲ့တာဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun
မကြာခင် ကြည့်ရှုရမယ့် မင်းသား ဆောင်းဂျွန်ကီရဲ့ “Space Sweepers” ရုပ်ရှင်