နာမည်ကျော် ကိုရီးယားမင်းသား ဆောင်းဂျွန်ကီ ပါဝင်ထားတဲ့ “Bogotá” ရုပ်ရှင်ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကောလာဟလသတင်းတွေကို ထုတ်လုပ်ရေးအဖွဲ့က ငြင်းဆိုခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာ သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင် “Bogotá” ဟာ ရိုက်ကူးရေးဝန်ထမ်းတွေကို လျှော့ချလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲ့ဒီသတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုတွေကြောင့် လာမယ့် ဇွန်လကျရင် ကိုလံဘီယာနိုင်ငံမှာ ရိုက်ကူးရေးကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့ဘဲ အခုနှစ်အတွင်းမှာလည်း ရိုက်ကူးရေးကို ပြီးစီးအောင်လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုလံဘီယာနိုင်ငံအတွင်းမှာလည်း COVID-19 ကြောင့် အခြေအနေတွေ့ ခန့်မှန်းလို့မရအောင် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
“Bogotá” ထုတ်လုပ်ရေးအဖွဲ့ကတော့ “ကိုရီးယားမှာ ရိုက်ကူးရေး ပျက်သွားပြီဆိုတဲ့ သတင်းတွေနဲ့ ဝန်ထမ်းတွေကို လျှော့ချလိုက်ပြီဆိုတဲ့ သတင်းက အမှန်မဟုတ်ပါဘူး။ ကျနော်တို့ဟာ အခုနှစ် နွေရာသီမှာ ရိုက်ကူးရေးကို ပြန်စနိုင်ဖို့ လက်ရှိမှာ စီစဉ်နေပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
COVID-19 ကပ်ရောဂါဟာ ဆက်လက် ပျံ့နှံ့နေတာကြောင့် ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ရှေးရှုပြီး နိုင်ငံခြားက ရိုက်ကူးရေးကို အပြီးသတ်ကာ ကိုရီးယားကို ပြန်လာဖို့ ပြီးခဲ့တဲ့ မတ်လမှာ ဆုံးဖြတ်ချက် ချခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရိုက်ကူးရေးကို ရွှေ့ဆိုင်းထားရပေမယ့် ကိုရီးယားနဲ့ တခြားနိုင်ငံတွေမှာရှိတဲ့ အခြေအနေတွေက စပြီးတော့ တိုးတက်လာနေပြီဖြစ်တဲ့အကြောင်း၊ ဒါကြောင့် အခု နွေရာသီကာလမှာ ရိုက်ကူးရေးကို ပြန်စဖို့ လက်ရှိမှာ စီစဉ်နေတာဖြစ်ပြီး ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်တာမျိုး မဟုတ်ကြောင်းလည်း ရှင်းလင်းခဲ့ပါတယ်။
“Bogotá” ရုပ်ရှင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကိုလံဘီယာနိုင်ငံဆီ ကိုရီးယားကနေ ထွက်သွားခဲ့တဲ့ လူငယ်အဖွဲ့တခုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ မင်းသား ဆောင်းဂျွန်ကီ ခေါင်းဆောင် ပါဝင်ထားပြီး ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့မှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်း ၉၀ ရာခိုင်နှုန်းကို ပြီးစီးခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ရိုက်ကူးရေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ခဲ့တာဖြစ်ပြီး COVID-19 ကြောင့် မတ်လမှာပဲ ကိုရီးယားကို ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
Ref:soompi
You may also like these stories:
စတန့်အမျိုးသမီး သေဆုံးခဲ့လို့ “Deadpool 2” ထုတ်လုပ်သူ ဒေါ်လာ ၃ သိန်း ဒဏ်တပ်ခံရ
ရန်ကုန်ကို အားတင်းထားဖို့ သီချင်းရေးစပ်ခဲ့သူ တေးရေးထိန်လင်း
ဒါရိုက်တာဏကြီး ရိုက်ကူးတော့မယ့် “The Guys of Rangoon ,1930”