COVID – 19 Positive လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတဲ့ အဆိုတော် နီတာကတော့ သူ့ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တဲ့ ဝေဘာဂီဆေးရုံနဲ့ အင်းစိန်ဆေးရုံတို့မှ ကျန်းမာရေးဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ကြောင်း ဧရာဝတီကတဆင့် ပြောခဲ့ပါတယ်။
“ကျန်းမာရေး စောင့်ရှောက်မှုကတော့ ဝေဘာဂီ ဆေးရုံကတော့ ရှယ်ပဲ။ ဘာလို့လဲဆိုတော့ လိုလေသေး မရှိအောင်ပဲ။ ကျနော် အားတောင် နာတယ်။ ဆရာဝန်၊ ဆရာမတွေက လိုအပ်တဲ့ဟာတွေကို အကုန်လုံး လုပ်ပေးတယ်။ အစားအသောက်ဆိုရင်လည်း စားတောင် မစားနိုင်ဘူး။ များလွန်းလို့”
“ဆရာဝန်၊ ဆရာမတွေဆိုတာလည်း အရမ်းကိုကြည်ဖြူတယ်။ စေတနာပါတယ်။ တကယ်ကို အနစ်နာခံပြီးတော့ လူနာတွေကို တကယ်ပဲ စေတနာ၊ မေတ္တာနဲ့ လုပ်ဆောင်ပေးတာကိုတွေ့တော့ အရမ်းလည်း ဝမ်းသာတယ်။ ပျော်လည်း ပျော်တယ်” လို့ အဆိုတော် နီတာက ပြောပါတယ်။
ဆက်လက်ပြီး နီတာက “ဘာလို့လဲဆိုတော့ တကယ်တမ်းပြောရင် Positive လူနာဆိုတာ ဘယ်သူမှ မထိရဲ မတို့ရဲဘူးလေ။ ကိုယ်တိုင်က ရောဂါဝေဒနာရှင် ဖြစ်နေတဲ့အချိန်မှာ ဒီ PPE ဝတ်စုံနဲ့ ဆရာဝန်၊ ဆရာမတွေဆိုတာ အရမ်းကို ပူတယ်။ ချွေးတဒီးဒီး ကျနေတာ။ အဲဒါကို ကျနော်တို့ဆီလာပြီးတော့ သူတို့ ရောဂါကူးမှာတို့ ဘာတို့ကို ပဓာဏမထားဘဲ စောင့်ရှောက်ပေးတာကို အရမ်းပဲ ကျေးဇူးတင်ပါတယ်”
“ ဒီဝေဘာဂီဆေးရုံက ဆေးရုံအုပ်ကြီးကအစ ဆရာဝန်ဆရာမတွေ သန့်ရှင်းရေးဝန်ထမ်းတွေရော အားလုံး အားလုံးအယောက်စီတိုင်းကို ကျေးဇူးတင်တယ်။ ဒီမတိုင်ခင်လည်း အင်းစိန်ဆေးရုံကြီးမှာ ဆေးစစ်ပေးခဲ့တဲ့ ဆရာဝန်ဆရာမတွေ ညီအကိုမောင်နှမတွေ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်”လို့ ပြောပါတယ်။
ဆရာဝန်၊ ဆရာမများရဲ့ ပြောစကားများကိုလည်း လိုက်နာပြီး သေချာစွာ လိုက်လုပ်ခဲ့တယ်လို့ နီတာက ဆိုပါတယ်။
“မနက်ဆိုရင် ၅ နာရီနဲ့ ၅ နာရီခွဲကြားမှာ ဆရာဝန်၊ ဆရာမတွေ လာတယ်။ ကျနော်က ၅ နာရီခွဲလောက်ဆိုနိုးတယ်။ ပြီးတော့ ကျမ်းစာလေး ဖတ်တယ်။ ဆုတောင်းတယ်။ သွေးပေါင်ချိန်တယ်။ ဆရာဝန်ဆရာမတွေက ကျန်းမာရေးစစ်ဆေးမှု လုပ်ပေးတယ်။ ပြီးရင် တနေ့တာ သောက်မယ့် ဆေး ၃ ခွက်စာကိုပေးသွားတယ်။ အဲဒါကို သူ့အချိန်နဲ့သူ သောက်ပြီး ကြိုးစားပြီး ဖြတ်သန်းတာပေါ့” လို့ နီတာက ပြောပါတယ်။
အခုအချိန်မှာတော့ နီတာက ရောဂါအခြေအနေ သက်သာလာတာကြောင့် ဆေးရုံမှဆင်းကာ Facilities Quarantine ဆက်လက် ဝင်နေတယ်လို့ သိရပါတယ်။
“ကျနော် Quarantine ဝင်တယ်ဆိုကတည်းက စပြီးတော့ ဖုန်းခေါ်လာတာက ကိုဘိုစန်း ၊ ကိုဂျွန်လွင် သူတို့ကဖုန်းစခေါ်လာတယ်။ နောက်ပြီးတော့ အမေရိကားက ဒေါက်တာ Eric Yang သူအမေရိကားမှာ အရမ်းအလုပ်များတဲ့ကြားထဲက အချိန်ပေးပြီးဖုန်းဆက်တယ်။ ပြီးတော့ ဘယ်လိုနေထိုင်ရမယ်ဆိုတာမျိုး အကြံကောင်းတွေ ပေးတယ်”
“နောက်ပြီး ဂီတမိတ်ဆွေထဲကဆို နောနော် ထိပ်ဆုံးပဲဖုန်းဆက်လာတယ်။ ပြီးတော့ စွမ်းဇာနည် ၊ ဝဏ္ဏ ၊ ဂျီလတ် ၊ မိုးမိုး အစုံပါပဲ ကျနော့် ဒီဂီတရပ်ဝန်းထဲက မိတ်ဆွေတွေအများကြီးပါပဲ။ သူတို့ရဲ့စာနာမှု၊ ဖေးမမှုတွေကို တွေ့ရတော့ ပီတိလည်း ဖြစ်တယ်။ အရမ်းလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ နာမည်မပါသွားရင်တောင် အယောက်စီတိုင်းကို ကျေးဇူးတင်တယ်”လို့ နီတာက ပြောပါတယ်။
နီတာကတော့ မတ်လအတွင်းက COVID – 19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး သူ့ရဲ့မိသားစုဝင်များကတော့ ရောဂါပိုး တွေ့ရှိခဲ့ခြင်း မရှိခဲ့ပါဘူး။