ကနေဒါ ရော့ခ်အဆိုတော် Bryan Adams က အခုသီတင်းပတ်အတွင်း လန်ဒန်မြို့မှာ ပြုလုပ်ဖို့ရှိတဲ့ ဖျော်ဖြေပွဲတွေကို ကပ်ရောဂါကြောင့် ဖျက်သိမ်းလိုက်ရတာနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ တရုတ်လူမျိုးရေး ခွဲခြားတဲ့ ပို့စ်ကို တင်ခဲ့ပြီးတဲ့နောက် ဝေဖန်မှုနဲ့ စွပ်စွပ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မေလ ၁၂ ရက်နေ့မှာပဲ တောင်းပန်လိုက်ပါတယ်။
အဆိုတော် Bryan က “ကျနော့်ရဲ့ စိတ်ဆိုးစရာ ပို့စ်အတွက် ထိခိုက်ခဲ့သူတွေ မည်သူ့ကို မဆို တောင်းပန်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ သူက လူသားအားလုံးကို ချစ်မြတ်နိုးတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သူက Royal Albert Hall မှာ ပြုလုပ်မယ့်သူ့ရဲ့ ဖျော်ဖြေပွဲတွေဟာ လင်းနို့စားသောက်မှု၊ သားငါးဈေးတွေမှာ တိရိစ္ဆာန်ရောင်းချမှု နဲ့ ဗိုင်းရပ်စ်ဖန်တီးတဲ့ လောဘသားကောင်တွေကြောင့် ပျက်စီးခဲ့ရကြောင့် Twitter နဲ့ Instagram ပို့စ်တို့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပို့စ်မှာ သူက “ကမ္ဘာကြီးဟာ အခုတော့ တုံ့ဆိုင်းနေခဲ့ပါပြီ လူထောင်နဲ့ ချီပြီတော့လည်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပါပြီ” လို့ဆိုပါတယ်။ တရုတ်လူမျိုးတွေအနေနဲ့လည်း သတ်သက်လွတ် စားကြဖို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။
အသားစားသုံးမှုကို ရပ်ဆိုင်းဖို့ သူ့ရဲ့ တောင်းဆိုချက်ကိုတော့ တိရိစ္ဆာန်အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ချီးကျူးပြောဆိုခဲ့ကြပေမယ့် တချို့တွေကတော့ အခုလိုမျိုး တရုတ်ဆန့်ကျင်ရေး မှတ်ချက်တွေအပေါ် ဆဲဆို တုံံ့ပြန်တာတွေ ရှိခဲ့ပါတယ်။
လူမှုဘဝ တရားမျှမှုအတွက် ကနေဒါနိုင်ငံဆိုင်ရာ တရုတ်အမျိုးသား ကောင်စီမှ Amy Go က “ဒါဟာ လူမျိုးရေးဆန်ပြီး တာဝန်မဲ့ရာကျပါတယ်။ သူဟာ ကနေဒါအနုပညာရှင် ဖြစ်ပါတယ်။ သူဟာ တရုတ်ဆန့်ကျင်ရေး လူမျိုးရေးခွဲခြားမှုကို မီးလောင်ရာ လေပင့်ပေးနေပြီး ကနေဒါနဲ့ ကမ္ဘာတဝန်းလုံးမှာ ရှိတဲ့ တရုတ်လူမျိုးတွေနဲ့ အာရှတိုကသားတွေအပေါ် အမုန်းတရားနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးပြီး ဖြစ်လာအောင် လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။
သားငါးဈေးတွေမှာ မွေးမြူရေးနဲ့ တောရိုင်းတိရိစ္ဆာန်တွေကိုပါ ထုတ်လုပ်၊ ရောင်းချနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က အဲ့ဒီလိုဈေးတခုကနေ ကမ္ဘာ့ကပ်ရောဂါ အစပြုခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုတော် Bryan က “ ဆင်ခြေပေးတောတော့ မဟုတ်ပါဘူး။ အဲ့ဒီ သားငါးဈေးတွေမှာ တိရိစ္ဆာန်တွေအပေါ် ဆိုးရွားတဲ့ ရပ်စက်မှုတွေက ဗိုင်းရပ်စ် အရင်းအမြစ် ဖြစ်လာနိုင်တယ်ဆိုတာကို ပြောချင်ပြီး သတ်သက်လွတ်စားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ တောင်းပန်စာထဲမှာ ဖော်ပြထားပါတယ်။
အခုလို ကမ္ဘာ့ကပ်ရောဂါနဲ့ ဆက်စပ်ပြီး တရုတ်လူမျိုးရေးဆန့်ကျင်မှုနဲ့ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အဆိုတော် Bryan ကတော့ Twitter ပေါ်က ပို့စ်ကို ဖျက်လိုက်ပေမယ့် Instagram မှာတော့ အဲ့ဒီမက်ဆေ့ချ်ကို ချန်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုမျိုး သူ့ရဲ့ ဇနီး၊ ကလေးတွေနဲ့အတူ သီးခြားခွဲနေရစဉ်မှာ တခြား မိသားစုဝင်တွေနဲ့ သူ့ရဲ့ တီးဝိုင်းအဖွဲ့သားတွေကို သတိရတယ်လို့လည်း ပြောဆိုထားပါတယ်။
Ref: straitstimes