Entertainment

ရိုက်ကူးရေးလုပ်ရင် အရေးယူမယ်လို့ မပြောခဲ့ကြောင်း အစည်းအရုံးဥက္ကဋ္ဌ ပြော

မကြာခင် မေလ ၁၅ ရက်နောက်ပိုင်းမှာ Stay Home ကာလ ပြီးဆုံးမှာ ဖြစ်တာကြောင့် အဲဒီ ကာလ နောက်ပိုင်းမှာ ရုပ်ရှင် ရိုက်ကူးရေးများ ပြန်လည် စတင်လာခဲ့ရင် အရေးယူမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပါတယ်။

အဲဒီလို ရုပ်ရှင် ရိုက်ကူးရေးများ ပြန်လုပ်ရင် အရေးယူမယ်ဆိုတဲ့ စကားကို မပြောခဲ့ဘူးလို့ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ရိုက်ကူးရေးလုပ်ရင် အရေးယူမယ်လို့ ကျနော် တခွန်းမှ မပြောဘူး။ အရေးယူလို့လည်းမရပါဘူး။ ကျနော်တို့က NGO အဖွဲ့အစည်းပါ။ ကျနော်တို့ ကူညီတာ မေတ္တာရပ်ခံတာ၊ အများက ရိုက်ကူးရေးလုပ်ဖို့ ဆုံးဖြတ်ရင် ကျနော်တို့က ဌာနတွေနဲ့ တိုင်ပင်ပြီး လုပ်ပေးရမယ်။ ကျနော်တို့က အရေးယူလို့ ပြောပိုင်ခွင့်လည်း မရှိပါဘူး။ ကျနော်တို့က ကူညီတာပဲ လုပ်နိုင်မှာပါ”လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ဆက်လက်ပြီး ဦးညီညီထွန်းလွင်က သူ့တဦးတည်း ဆန္ဒနဲ့ဆိုရင် ရုပ်ရှင်ရိုက်ကူးရေးများ မလုပ်စေချင်သေးဘဲ စားဝတ်နေရေး အဆင်မပြေသူများကိုတော့ ကူညီကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

“ကျနော်တို့ကတော့ မရိုက်ကူးစေချင်ဘူး။ ရိုက်ကူးရင် အန္တရာယ်များတယ်။ စားဝတ်နေရေး အဆင်ပြေတဲ့သူတွေက စားဝတ်နေရေး အဆင်မပြေသူတွေကို ကူညီကြပါလို့တော့ မေတ္တာရပ်ခံချင်တယ်”

“အကယ်ဒမီကိုတော့ အွန်လိုင်းကနေ ပေးဖို့ ပြောနေတာတွေ ရှိတယ်။ အခုထိတော့ ဘယ်သူမှ ဘာမှ မစဉ်းစားနိုင်သေးဘူး။ မလုပ်လည်းရတဲ့ အခြေအနေ ရှိတယ်။ အောက်တိုဘာ ၁၃ ရက်မှာ မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တယ်။ ရာပြည့်ပွဲသာ မလုပ်မဖြစ် လုပ်ရမှာ။ အဲ့ချိန်လောက်ဆိုရင်တော့ ရောဂါတွေလည်း ပျောက်လောက်ပါပြီ”လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။

ဇွန်လအတွင်း ရုပ်ရှင်ရိုက်ကူးရေးများ ပြန်လည် ရိုက်ကူးရန် တင်ပြထားတာ ရှိတယ်လို့လည်း ဦးညီညီထွန်းလွင်က ဆိုပါတယ်။

“ဇာတ်ကားတွေကို ဘယ်လိုစည်းကမ်းချက်တွေ ဘယ်လိုရိုက်ကူးမယ်ဆိုပြီး တောင်းဆိုတာတွေ အကြံပေးတာတွေ ရှိပါတယ်။ ဇွန်လထဲလောက် ရုပ်ရှင်ရိုက်ချင်တယ်လို့ တင်ပြနေကြတယ်။ ကျနော်တို့ အစည်းအရုံးကလည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်မယ်ပေါ့။ မေ ၁၈ ရက်နေ့ ရုံးဖွင့်မယ်။ အဲ့နေ့ အစည်းအဝေးတွေ တိုင်ပင်ရဦးမယ်”

“ကျနော်တို့ ရိုက်ကူးရေး ခွင့်ပြုဖို့၊ မပြုဖို့က အများနဲ့ပဲ ဆုံးဖြတ်ရမှာပေါ့။ ကျနော့် တဦးတည်း သဘောနဲ့ဆို COVID-19 ဒုတိယလှိုင်းကို ကျနော် ကြောက်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒုတိယလှိုင်း ဖြစ်ပါတယ်။ ကျနော့်အထင် ကျနော်တို့ နိုင်ငံက ဒုတိယလှိုင်း အခုမှစမယ် ထင်ပါတယ်။ အဲ့အတွက် ကျနော့် သဘောကတော့ ရိုက်ကြမယ်ဆိုတာကို သဘောမကျဘူး။ အန္တရာယ်များတယ်”

“တချို့ တင်ပြတာလည်း စားဝတ်နေရေးလည်း အဆင်မပြေကြဘူး။ အဲ့အတွက် အစည်းအရုံးကနေ ဧပြီလမှာလည်း လှူခဲ့တယ်။ မေလမှာ လည်းလှူမယ်။ ဇွန်လမှာလည်း လှူမယ်။ ကျနော်တို့ ဧပြီလဆန်းတုန်းက လူဦးရေ ၁၀၀၀ လောက် ထောက်ပံ့တယ်။ အခု တခါတော့ လူ ၁၅၀၀ စာ ထောက်ပံ့ပေးမယ်။ ပထမ ပေးတုန်းက မရလိုက်တဲ့သူတွေ ရှိတယ်။ ဒီတခါတော့ ၁၅၀၀ စာ စီစဉ်ထားတယ်။ ဆန် ၈ ပြည်၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ ပေးမယ်။ ဦးခင်မောင်အေးက ငွေ ၁ သောင်း ပေးမယ်”လို့ ညီညီထွန်းလွင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကတော့ အခုလက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ဥက္ကဋ္ဌတယောက်အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

You may also like these stories:

ဝန်ထမ်းတွေကို Work from Home အမြဲ လုပ်ခွင့်ပြုလိုက်တဲ့ Twitter

COVID – 19 ကာလ သီချင်းများဖြင့် စိတ်ခွန်အား ဖြစ်စေခဲ့သလား

တရုတ်လူမျိုးရေး ခွဲခြားတဲ့ ပို့စ်ကြောင့် အဆိုတော် Bryan Adams တောင်းပန်

Loading