COVID -19 ကာလမှာ ပွဲလမ်းသဘင်များ လုပ်ခွင့် မရှိတော့ဘဲ အိမ်ထဲမှာ နေရတဲ့သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကူးစက်ခံရတဲ့ လူနာများအတွက် အနုပညာရှင်များက တဖက်တလမ်းကနေ အနုပညာနဲ့ စိတ်ဓာတ်ခွန်အား ရရှိစေရန်၊ ပညာပေး ဖျော်ဖြေရေးများဖြစ်စေရန် တေးသီချင်းများ ဖန်တီးကာ သီဆိုနေကြတာကို တွေ့ရပါတယ်။
COVID-19 ကာလအတွင်း မြန်မာနိုင်ငံက အနုပညာရှင်တွေ ဖန်တီးထားကြတဲ့ စိတ်ဓာတ်ခွန်အားပေး သီချင်းတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
“Save the World”
အဆိုတော်၊ တေးရေး ယုန်လေးကိုယ်တိုင် ရေးသားထားတဲ့ “Save the world” သီချင်းမှာတော့ ယုန်လေး အပါအဝင် အဆိုတော် ၅၇ ယောက် ပါဝင် သီဆိုထားပြီး ဒီသီချင်းမှာတော့ ဘာသာပေါင်းစုံမှ ကိုးကွယ်ရာများကို အကူအညီပေးရန်နဲ့ အခြေခံလူတန်းစားများ ဒုက္ခရောက်ရတဲ့အကြောင်းများကို ထည့်သွင်း သီဆိုထားပါတယ်။ ဒီသီချင်းကိုတော့ ယခုအခါ ရုပ်သံလိုင်းများမှာလည်း ထုတ်လွှင့်ပေးလျက် ရှိပါတယ်။
“အိမ်ထဲမှာနေ” (တေးရေး – ဝေကြီး)
သီချင်းကောင်းတွေကို ရေးသားလေ့ရှိတဲ့ တေးရေး ဝေကြီးကတော့ အပြင်လောကမှာ ရောဂါပိုးများကူးစက်နေတာကြောင့် အိမ်ထဲမှာနေဖို့အတွက် လှုံ့ဆော်တဲ့အနေနဲ့ “အိမ်ထဲမှာနေ” ဆိုတဲ့သီချင်းကိုဖန်တီးခဲ့ပါတယ်။ ပရိသတ်ကို ပညာပေးလို့ရနိုင်မယ့် အတိုင်းအတာကနေ ရေးသား ဖန်တီးခဲ့တာဖြစ်ပြီး ပရိသတ် ကြိုက်တယ်၊ မကြိုက်ဘူးဆိုတာထက် အိမ်ထဲမှာ ရက်အကြာကြီး စိတ်ညစ်မှာစိုးတာကြောင့် ရေးပြီး သီဆိုဖြစ်ခဲ့တာလို့ သိရပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ကမ္ဘာမြေသီချင်း”
အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ “ကမ္ဘာမြေသီချင်း” ကို စိုင်းစိုင်းခမ်းလှိုင်က ကိုယ်တိုင် ရေးသားထားပြီး အဆိုတော် အယောက် ၂၀ သီဆိုထားပါတယ်။
“ကမ္ဘာမြေသီချင်း” ကိုတော့ ဧပြီလ ၁၉ ရက်နေ့ညပိုင်းက Facebook မှာ တင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရုပ်သံလိုင်းများမှာ ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။
နီနီခင်ဇော်ရဲ့ “တနေ့”
COVID-19 ကပ်ဆိုးရောဂါကြီးကြောင့် လူတိုင်း အိမ်မှာနေရတဲ့အတွက် အားလုံး ပြန်တွေ့နိုင်မယ့် နေ့ရက်ကို မျှော်လင့်ပြီး နီနီခင်ဇော်က သူ့ရဲ့ ပရိသတ်များ (Ninians) နဲ့ အတူ ရေးသားထားတဲ့ “တနေ့” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ “တနေ့” သီချင်းရဲ့စာသားများကိုလည်း ကိုယ်တိုင် ခံစားဖန်တီးခဲ့ပြီး စာသားအတွက် ပါဝင်စေဖို့အတွက်ကိုလည်း Ninians (နီနီခင်ဇော်ရဲ့ ပရိသတ်) အချို့ကို Video Call နဲ့ ခေါ်ပြီး ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် အဆိုတော် ဖိုးကာ ရေးသား သီဆိုထားတဲ့ “အခြေအနေပေးခဲ့ရင်” ၊ အဆိုတော် တင်ဇာမော် သီဆိုထားတဲ့ “အားတင်းထား ရန်ကုန်”၊ အဆိုတော် ကော်နီ ဆိုထားတဲ့ “အိမ်မှာနေချင်တာပေါ့” သီချင်း နဲ့ ကျန်းမာရေးဝန်ထမ်းများကို ထွန်းအိန္ဒြာဗို ဂုဏ်ပြုသီဆိုထားတဲ့ “တန်ဖိုးရှိတဲ့နှလုံးသားများ”စတဲ့ သီချင်းများ COVID-19 ကာလအတွင်းမှာ ထွက်ရှိထားပါတယ်။