ကိုရီးယားရုပ်ရှင်လောကမှာ ယနေ့ခေတ် နာမည်အကြီးဆုံး သရုပ်ဆောင်တွေ ပါဝင်လာမယ့် လေကြောင်း ဘေးအန္တရာယ် အခြေပြုရုပ်ရှင်ကို မကြာခင် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
“Emergency Declaration” လို့ နာမည်ပေးထားတဲ့ အဲ့ဒီရုပ်ရှင်ရဲ့ ဖြန့်ချိရေးကုမ္ပဏီ Next Entertainment World က ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ ပါဝင်မယ့် သရုပ်ဆောင်စာရင်းကို အတည်ပြုခဲ့ပြီး ဒီလထဲမှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ကို “The Show Must Go On” နဲ့ “The Face Reader” တို့ရဲ့ ဒါရိုက်တာ Han Jae Rim က ရိုက်ကူးမှာ ဖြစ်ပါတယ်။ မင်းသား လီဗြောင်ဟွန်းနဲ့အတူ အခုနှစ်အတွက် အော်စကာဆုရ ရုပ်ရှင်ဖြစ်တဲ့ “Parasite” မင်းသား Song Kang Ho နဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော် ဆုရမင်းသမီး Jeon Do Yeon တို့ ဦးဆောင် ပါဝင်မှာ ဖြစ်ပါတယ်။
မင်းသား လီကတော့ ပြင်းထန်တဲ့ လေကြောင်း မတော်တဆမှုအတွင်းမှာ သမီးကို ကာကွယ်ရမယ့် လေယာဉ်စီးနင်းရမှာ ကြောက်ရွံ့သူ ဖခင်တဦးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
မင်းသား Song ကတော့ အဲ့ဒီ လေယာဉ် မတော်တဆမှုကို စုံစမ်းစစ်ဆေးရမယ့် စုံထောက်နေရာကနေ ပါဝင်မှာပါ။ မင်းသမီး Jeon ကတော့ အဲ့ဒီအဖြစ်အပျက်ကို ကိုင်တွယ်ရမယ့် အစိုးရအရာရှိအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “The Closet” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသား Kim Nam-gil ကတော့ မတော်တဆမှုဖြစ်ခဲ့တဲ့ လေယာဉ်ပေါ်က အမှုထမ်းအနေနဲ့ သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူနဲ့အတူ အဆိုတော် မင်းသား Im Si Wan ၊ “The World of the Married” မင်းသား Park Hae-jun တို့ပါ တွဲဖက် သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
“The King” ရုပ်ရှင်ထဲက မင်းသမီး Kim So-jin ကလည်း သရုပ်ဆောင် စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ မင်းသမီး Kim ဟာ “The Man Standing Next” ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံလာရသူလည်း ဖြစ်ပါတယ်။
“Emergency Declaration” ဆိုတဲ့ ရုပ်ရှင်နာမည်ကတော့ မူမမှန်တဲ့ အခြေအနေတွေကြောင့် စီစဉ်မထားဘဲ မြေပြင်ပေါ်ဆင်းသက်တဲ့အခါမှာ သုံးနှုန်းရတဲ့ စကားစုကနေလာတာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေဟာ ပျက်ကျလာတဲ့ လေယာဉ်ထဲကနေ အသက်ရှင်ကျန်ရစ်ဖို့ ရုန်းကန်ရသလို ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ဝင်ခန်းတွေ ပါဝင်လာမယ့် ကိုရီးယားရဲ့ ပထမဆုံးလေကြောင်း ဘေးအန္တရာယ်အခြေပြု ရုပ်ရှင် ဖြစ်ပါတယ်။
Ref: koreaherald
You may also like these stories:
ရိုက်ကွင်းမှာ ရေနစ်လုနီးပါးဖြစ်ခဲ့ရတဲ့ “The World of the Married” သရုပ်ဆောင် ၂ ဦး
ဗင်းနစ်မြို့ကို ကူညီဖို့ “Mission: Impossible 7” ရိုက်ကူးရေး ပြန်စမယ့် Tom Cruise
မင်းသား ဆောင်းဂျွန်ကီရဲ့ ရုပ်ရှင်အသစ် ရိုက်ကူးရေး ဖျက်သိမ်းခြင်း မရှိ